အိမ်လွမ်းသူ (၁)

 

သဲတော-ဝမ်းတွင်း အဝေးပြေးကားလမ်းမဟောင်းကြီးပေါ် ရောက်နေပြီဆိုရင်ဖြင့် မန္တလေးမှ ထွက်လာတာ နာရီနှစ်ပတ်လည်လောက်ရှိနေပြီဟု ကျွန်တော်သိပါတယ်။ ထိုးမှုန့်မလိုင်မုန့်တို့ကို တစီစီ လုယက်စေ◌ျးခေါ်နေကြတဲ့ ဗန်းရွက်စေ◌ျးသည်တို့၏ အသံကို ခေါင်းအုံခဲစွာကြားနေရသဖြင့် ရင်တွင်းကအပူကို ပိုလို့ပင် အရှိန်မြှင့်လာစေပါသည်။ ထို့ကြောင့် ကားပြတင်းမှန်ကာမှ ထိုးဖောက် လာသော မန္တလေး၏ လေပူနေပူကို မျက်နှာလွှဲပေး၍ အဝေးကားအတွင်းရှိ ကျောတစ်နေရာစာမှာ ကျွန်တော်မှေးရန် ကြိုးစားမြဲဖြစ်ပါသည်။ မျက်ရည်ရွှဲလို့ စပ်လာတဲ့မျက်လုံးအိမ်အား ပေကလပ် ပေကလပ်မျက်တောင်ခတ်ပြီး ကျွန်တော် ဟန်ဆောင်နေကြ။ သူစိမ်းတွေကြားထဲ ယောက်ျားတန်မဲ့ မျက်ရည်စမ်းရလောက်အောင်အထိတော့ ကျွန်တော်အရှက် မမဲ့ရဲဘူးလေ။ မတော်လို့ တစ်ယောက်ယောက်ကများ မေးခဲ့ရင်တောင် ငိုရတဲ့အဖြေက မရှိပြန်ဘူး။ ရှိပြန်ကလည်း ဘယ်ကနေ အစ စွဲထုတ်ရမယ် ကျွန်တော်မသိပါဘူး။ ဒါ့ကြောင့် စိမ်းစိမ်းစိုစိုရှိလှတဲ့ ကျောက်ဆည်ရဲ့ အဝေးကြည့် အလှကိုတောင် မသိကျေးကျွန်ပြု၊ မျက်လွှာချပြီး ကျွန်တော် တစ်ရေး အိပ်ဖို့ ကြိုးစားမြဲ ဖြစ်ပါသည်။ ဘယ်လောက်ပဲ ကျွန်တော် ရင်တွင်းအပူနဲ့အအိပ် ရောချပါသော်လည်း သဲတော-ဝမ်းတွင်းအကူး နေပူလေပူကိုတော့ အရှုံးပေးရစမြဲပါ။ ပူတယ်။ တော်တော်လေးကို ပူတာပေါ့။ မန္တလေးရဲ့အပူကို ကျွန်တော် မအံ့ဩ။ သူက အရိပ်ရှားတယ်၊ လူသူထူထပ်တယ်၊ ယာဉ်မျိုးစုံ အပူမျိုးစုံနဲ့မို့။ သဲတော-ဝမ်းတွင်းကျတော့ ကျွန်တော် ချစ်သော တမာပင်ခါး၊ အပွေးဝါ ထနှောင်းများ၊ ကန္တရပင်စိမ်းများ၊ တစ်ချို့နေရာများဆို မယ်ဇယ်နဲ့ ကုက္ကိုလ်တို့တောင် ကျဲကျဲပေါက်သေးတဲ့ဟာကို ဒီကတ္တရာ လမ်းမကြီးကျမှ အငြိုးနဲ့ ပူနေတော့တာ။ ဒီအပူကြောင့်တစ်ရေးနိုးတိုင်း ကျွန်တော် ပြန်အိပ်မရတော့ ပါဘူး။  ရင်ထဲက အပူကို ကသိုင်းရှုပြီး အရမ်းပူလာတဲ့အခါ ရာသီဥတုကို အကြောင်းပြပြီး ရေတစ်ငုံ သောက်ပေါ့။ ဒီလိုပုံစံ ဒီခရီးမျိုးကို ဒီအပူမျိုးနဲ့သွားခဲ့ရတာဟာ ကျွန်တော့်အတွက် ဆယ်ကြိမ်ထက် မနည်းတော့ပါဘူး။ မောင်းတဲ့ ကားသမားတော့ မသိဘူး၊ ကျွန်တော်ကတော့ နေရာတွေနဲ့ ဒီခရီးရဲ့ အသွားအလားတွေကို နောကိုကျေလို့။ ဟောရှေ့နားကျ ရပ်ပါလိမ့်မယ် ရေအိုးစင်လမ်းခွဲလောက် ဆိုရင်။ ထိုလမ်းခွဲမှာ ရပ်ပြီဆိုရင် လမ်းရဲ့အရှေ့ လမ်းခွဲ၏ဘယ်ဘက်ထောင့်ကပ်လျက်မှာ အနားထူထူ ဘုန်းကြီးကျောင်းအုပ်နံရံကြီး။ ထိုနံရံကြီးတစ်ဖက်မှ ထိုးထောင်ထွက်နေတတ်သော ထန်းပင်ညို့ညို့ အရိပ်ကြောင့် ကားပေါ်ရှိ ခရီးသည်များအဖို့ ခဏရင်အေးဖွယ်ပေါ့လေ။ ထိုသို့ အေးသွားတဲ့အထဲ ကျွန်တော်နဲ့ ကျွန်တော့်ရင်ထဲကအပူတော့ မပါဘူးပေါ့လေ။ ကျွန်တော်နဲ့မဆိုင်သလို အနေသာကြီးပေါ့။ ဒါပြီးရင် ရန်ကုန်-မန္တလေး လမ်းခွဲဟောင်းလေးကို ရောက်မယ်၊ အဲဒါပြီးရင် ကားလမ်းပေါ်နှဖူးတင်ပြီး ခင်းလှမ်းတတ်တဲ့ ကွမ်းသီးပုံတွေ၊ ရထားလမ်းဟောင်းတွေနဲ့၊ ရွာသစ်တစ်ချို့။ ထို့နောက်မှာတော့ ရေကျော်လေးတစ်ခုကို ကျော်လိုက်ပြီဆိုတာနဲ့ ဝင်ပါပြီ စက်ယက္ကန်းသံ တဂျောင်းဂျောင်းနဲ့ ဝမ်းတွင်းမြို့ငယ်လေး။ ကျွန်တော်ကတော့ သိပ်သဘောမကျခဲ့ပါဘူး။ ယက္ကန်းသံတို့သည် အမရပူရသား ဖြစ်တဲ့ ကျွန်တော့်အတွက် ကြားနေမြဲအရာဖြစ်သော်လည်း ယက္ကန်းသံမှ တစ်ပါး အခြားရင်ခုန်စရာရယ်လို့် ထွေထွေထူးထူးမရှိတဲ့ ဒီမြို့ကို ရင်မခုန်ခဲ့တာအမှန်ပါ။ ပူလိုက်တာ အခုထက်ထိပါပဲ။ တစ်လမ်းလုံး ပူတော့ရန် ရှိတော့လေသလားမသိ။ လမ်းဘေးမှာ မြင်တွေ့ရလေ့ရှိသည့် ဒေသပေါက်ပင်တွေကလည်း ကျွန်တော် အင်မတန်နှစ်သက်တဲ့ အပင်တွေပါ။ အပူပိုင်းမှာနေပြီး အပူပိုင်းရဲ့ မြေမျက်နှာသွင်ပြင်ကိုပဲ ချစ်မြတ်နိုးတတ်တဲ့ ကျွန်တော့်အတွက် ဝမ်းတွင်းဟာ ငြီးငွေ့စရာကောင်းမနေသင့်ဘူးလေ။ မကြိုက်ပါဘူး။ ဒီမြင်ကွင်း ဒီခရီးမျိုး။ ဒီခရီးကို ကျွန်တော်ဖျတ်သန်းတိုင်း အရမ်းမုန်းတဲ့ မေးခွန်းကို မေးရပြန်ဦးမယ်။ နောက်ထပ် ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ ဘယ်အချိန်ထိ ဒီခရီးကို သွားရပြန်ဦးမှာ ပါလိမ့်လို့။ မသိဘူး အဖြေမရှိဘူး။ ကျွန်တော့်သိခဲ့တာကတော့ ဒီခရီးကို မကြိုက်တာပဲသိတယ်။ ပူလာပြန်ပြီ။ တငွေ့ငွေ့နဲ့ကို လှိုက်လှိုက်ပူတာ။ တစ်ခါတစ်ခါဆို အသက်ရှုတောင်ကြပ်လာသလို။ ဒီရာသီဥတုက မတရားပါလား။ ကားပေါ်ကခရီးသည်တွေအများကြီးထဲမှာမှ ကျွန်တော့်တစ်ယောက်ကိုပဲ ချွေးထွက်လောက်အောင် ပူရက်လေခြင်း။ ရေကုန်လို့ တံတွေးကို မြိုရတာဟာလည်း ခမ်းပဲ ခမ်းသွားလေရော့သလား။ အာချောင်သာချောက်ပြီးကွဲလာတာ၊ ရေဆာမပျောက် အပူမသက်မသာနဲ့။ ဒီလိုခံစားရတိုင်းလည်း ရှေ့မှာ မိထ္တီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ တပ်ကုန်း၊ တစ်သီတစ်သန်းကြီး ကျန်သေးတာကို တွေးမိတိုင်း မျက်ရည်ပါစို့လာတတ်ပါတယ်။ ပျော့လိုက်တဲ့ဖြစ်ခြင်း၊ ညံ့လိုက်တဲ့ ဖြစ်ခြင်း။ ကိုယ့်ကိုကိုယ် ခြေလက်အစုံမွေးဖွားလာလို့ အဂ်ါစုံတဲ့လူ၊ သာမာန်လူလို့ ထင်ခဲ့ဖူးပါတယ်။ သာမာန်လူတစ်ယောက် လုပ်နိုင်တာကိုပင် စွမ်း‌ဆောင်နိုင်စွမ်းမရှိတဲ့လူကို အဂ်ါမစုံသူလို့ သတ်မှတ်ကြ ကြေးဆိုလျှင် သာမာန်လူသားစိတ်နဲ့ လုပ်နိုင်တဲ့အရာကိုပင် စွမ်းဆောင်နိုင်ဖို့ခက်ခဲခဲ့တဲ့ ကျွန်တော့်ကို အဂ်ါချို့တဲ့သူလို့ ဆိုနိုင်ပါလား။ ကိုယ့်ကိုကိုယ် အမြင်မှာတော့ ကျွန်တော်ဟာ စိတ်ဓါတ်အဂ်ါ ချို့တဲ့သူပါ။ အခုပဲကြည့်လေ မွေးရပ်မြေကနေ ဖဝါးခွာတာ နာရီသုံးပတ်တင်းတင်းတောင် မပြည့်သေးဘူး။ ကျွန်တော့် အပူမီးကြီးကို စလွယ်ထားလိုက်တာ။ အရမ်းမုန်းခဲ့တာပေါ့။ ဒီသဲတော-ဝမ်းတွင်း။ ဒီလမ်းဟောင်းကြီး။ သိပ်သွားလေ့သွားထ မရှိပေမယ့် လမ်းအသစ်ကြီးကိုလည်း ထူးမယ်မထင်ပါဘူးလေ။ ကျွန်တော်မုန်းလောက်မှာပါ။ အဘယ်ကြောင့်ဆိုသော် ယခု အမိမြေနဲ့ မိုင်ထောင်ချီဝေးတဲ့ တိုင်းတစ်ပါးမှာ၊ အခု ကျွန်တော် ဟိုစဉ်က ခံစားခဲ့ရတဲ့ ရင်တွင်းအပူကြီး၊ ရင်းထနေပြန်ပြီလေ။ ဒီတစ်ခါတော့ အဲ့ဒီအပူကြီးက ကျွန်တော်သာ ရင့်ကျက်မလာတယ် သူက ရင့်ကျက်လာလိုက်တာ။ အခုသူက သဲတော-ဝမ်းတွင်းကို လွမ်းသတဲ့လေ။ ကျွန်တော်ကလည်း သူနဲ့အပြိုင်ရင့်ကျက်ချင်ယောင်ဆောင်လို့ သဲတော-ဝမ်းတွင်း ဝေးပြေးကားပေါ်က ကျွန်တော့်ကို ကျွန်တော် လှောင်ရယ်ပြရတာပေါ့။ ရင်ထဲမှာတော့ အားကျနေခဲ့တာ ဘယ်သူသိပါ့မလဲ။


၁၇ နိုဝင်ဘာ၊ ၂၀၂၁။

Comments

Popular posts from this blog

မဲဆောက်သို့