ဘယ်သူမေးမေး
ဇလီ့နာမည်အရင်းက ဇလီဇလီတင့်တဲ့ရှင့်။ ဇလီက ပိတုန်းရွာမှာပဲမွေးပြီး ပိတုန်းရွာမှာပဲကြီးတဲ့ ပိတုန်းရွာသူစစ်စစ်။ ဇလီ ဟောဒီစစ္စနို့ကို ပြောင်းလာတာ ကြာပြီ။ ပိတုန်းရွာကိုတော့ တစ်ခါတစ်ခါအောက်မေ့တာပေါ့လေ။ မေမေကိုလွမ်းတာကိုးလို့။ အလွမ်းဆုံးကတော့ ရွာက ကလေးတွေပဲ။ လူကြီးတွေတော့လား ဟွန်း.... မမှတ်မိပါဘူး။ မှတ်လည်း မမှတ်မိချင်ဘူး။ မုန်းလွန်းလို့။ အဲဒါကြောင့်လည်း ရွာမှာနေတုန်းက အကြောင်းတွေ အများကြီးမစဉ်းစားတော့ဘူး။ ခေါင်းကိုက်လို့။ ဘာဖြစ်လဲ အခု စစ္စနို့မှာလည်းပျော်နေပြီလေ။ ဇလီ့အဒေါ်ကြီး မေကြီးငွေရယ်၊ သူ့လင်ကြီးရဲ့သား ဝမ်းတွင်းရူး လေးဇော်ရယ်၊ ထောင်ထဲမှာဆုံးသွားတဲ့ နောက်လင်ငယ်သား နှစ်ယောက် ကိုထူးကြီးနဲ့ ကိုငယ် တိုးလေးရယ်၊ ကျွန်မ ဇလီရယ် ဒီခြေတံမြင့်အိမ်လေးကို အစိတ်စိတ်ပိုင်းပြီး နေကြတာ ကြာလှရှိပြီ။ မေကြီးငွေကတော့ တစ်ခါတစ်လေပြောပါတယ် “ညည်းက ရူးတာပဲ အဖတ်တင်တယ်၊ ထူးတော့ ထူးမလာဘူးတဲ့”။ သူက ဇလီ ကလေးချစ်တတ်တာကို မကြိုက်ဘူးလေ။ အိမ်နားက ကလေးတွေ အိမ်ပေါ်ခေါ်လာရင်ဖြစ်ဖြစ်၊ ကလေးကောက်ပွေ့မိရင်ဖြစ်ဖြစ် ကျွန်မဆံပင်ကို အတင်းကာရော ဆောင့်ဆွဲတော့တာပါပဲ။ ဇလီကို အမေက ဆံပင်တွေကျွတ်ကျွတ်လာလို့ပဲလား၊ မေကြီးငွေ ဆံပင်ခဏခဏဆွဲတာမျ...