ကျွန်တော်ရယ်၊ ဘီးပြုတ်ရယ်၊ ပဌာန်းရယ်
စိမ့်ခနဲ ချမ်းလောက်အောင် ကျောတစ်ပြင်လုံးမှစ၍ တက်လာတဲ့ ကြက်သီးမွှေးညှင်းက အချမ်းဓါတ်ဆိုတာထက်ပိုပါတယ်။ ဝန်ခံပါတယ် ကျွန်တော် ကြောက်နေခဲ့တာပါ။ ကြောက်တာထက်ပိုတဲ့ စကားလုံးများရှိရင် ဒီနေရာမှာ ထပ်တောင် ဖြည့်စွက်လိုက်ချင်ပါသေးတယ်။ ဟုတ်တယ်လေ သရဲတစ္တေဆိုတာ ငယ်ကတည်းက ကြောက်တတ်သော၊ အမှောင်ထုကို မရဲ ခဲ့ပါသော ကျွန်တော့်အတွက် ဒီတော ဒီတောင် ဒီရေမြေ၊ အို.... အခုရောက်နေတဲ့ ဥဩလှောင်ဗွေတို့၊ ကျားခေါင်းတို့ဆိုတာတွေက ရခိုင်ရိုးမရဲ့ အလယ်၊ ထူပေ့ဆိုတဲ့ တောနက်ရဲ့ ရင်ဝကို ရောက်နေပြီကော။ လင်းကတည်းက စားခဲ့တဲ့ မနက်စာ ဆင်ခရမ်းချဉ်သီးနှပ်နဲ့ သလေးကလည်း ဝမ်းရဲ့ဘယ်နားမှာ ကပ်နေမှန်းတောင် မသိတော့ပါဘူး။ မရှိဘယ်ခံနိုင်ပါ့မလဲလေ ပုသိမ်မုံရွာကားလမ်းမကြီးမေးတင်ပြီး လင်းကတည်းကစခဲ့တဲ့ ဒီတောလမ်ခရီးက ရသေ့တောင်အထိ ဖုန်လမ်းတလှည့် ကျောင်သားလမ်းတစ်လှည့်နဲ့ နှင်ခဲ့ရတာ။ များမကြာမီ ခင်ကြောတစ်လျှောက် တောလမ်းကြမ်းကို နှစ်ဘီးတပ်ဆိုင်ကယ် ဂင်တိုကို ဖင်ကြားညှပ်လို့ နှင်ပေဦးတော့ ဦးသချ်တဲ၊ ထိုကနေ တောလမ်းအတက်မှနေ တံခါးကျင်း၊ နောက်တော့ ချောင်းသာတဲစခန်းအထိဆိုတော့ မှောင်ရီပျိုးရော့။ ဆိုင်ကယ်အင်ဂျင်က ငယ်သံပါအောင် ညီးနေသော်လည်း လူမနားနိုင်ပေါင်၊ တာဝန်ဆ...