မိဖရင်ငွေ့ နွေးနွေးလေး ပါးအပ်လို့ ကြက်ပူထိုး၊ မူနွဲ့လို့ မစွမ်းသာသေးသော အဝေးရောက် သားသမီးများရဲ့ ထမင်းပန်းကန်မှာ ထမင်းဖြူနဲ့ဟင်းစုံ ဖွယ်ဖွယ်ရာရာ အနပ်မှန်ဖို့ဆိုတာ ကန္တာရထဲ မိုးမျှော်သလို ဖြစ်နေပြီ မဟုတ်လား၊ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို သင်းကွဲငှက်လေးများ တူရာဘဝစုလို့ လက်ဆုံစားလိုက်ကြရတာဟာ ဟင်းကို အားကိုး စားရတာမျိုးမဟုတ်ပဲ ပီတိလေးများကို ဇယန်းညွှန့်နဲ့ ရောမြုံ၊ ကြက်ဥလေးများ မေတ္တာထဲထည့်ပြုတ်ပြီး၊ မြိတ်ငပိရည်ကျဲကို နီးရာ ပုဇွန်ဆာလေး စွဲမြှုတ်လိုက်ရတာဟာ တရုတ်လျှပ်စစ်ပေါင်းအိုးအောက်က ထမင်းချိုးခြစ်စားရလောက်အောင် ခေါင်းမဖော်နိုင်ခဲ့တာဟာ ဒီသင်္ဂဟတန်ခိုးကြောင့်ပဲဆို မှားနိုင်မည်မထင်။ အမေရေ အမေ့လက်ရာလောက်မကောင်းတဲ့ ဟင်းတွေကြားမှာ အဆွေများနဲ့ စားရင်း ဟင်းခြောက်လေးများ နီးရာကားဂိတ်နဲ့ အမှာပါးလို့ အားဖြည့်ပါဦး။
အိမ်လွမ်းသူ (၁)
သဲတော-ဝမ်းတွင်း အဝေးပြေးကားလမ်းမဟောင်းကြီးပေါ် ရောက်နေပြီဆိုရင်ဖြင့် မန္တလေးမှ ထွက်လာတာ နာရီနှစ်ပတ်လည်လောက်ရှိနေပြီဟု ကျွန်တော်သိပါတယ်။ ထိုးမှုန့်မလိုင်မုန့်တို့ကို တစီစီ လုယက်စေ◌ျးခေါ်နေကြတဲ့ ဗန်းရွက်စေ◌ျးသည်တို့၏ အသံကို ခေါင်းအုံခဲစွာကြားနေရသဖြင့် ရင်တွင်းကအပူကို ပိုလို့ပင် အရှိန်မြှင့်လာစေပါသည်။ ထို့ကြောင့် ကားပြတင်းမှန်ကာမှ ထိုးဖောက် လာသော မန္တလေး၏ လေပူနေပူကို မျက်နှာလွှဲပေး၍ အဝေးကားအတွင်းရှိ ကျောတစ်နေရာစာမှာ ကျွန်တော်မှေးရန် ကြိုးစားမြဲဖြစ်ပါသည်။ မျက်ရည်ရွှဲလို့ စပ်လာတဲ့မျက်လုံးအိမ်အား ပေကလပ် ပေကလပ်မျက်တောင်ခတ်ပြီး ကျွန်တော် ဟန်ဆောင်နေကြ။ သူစိမ်းတွေကြားထဲ ယောက်ျားတန်မဲ့ မျက်ရည်စမ်းရလောက်အောင်အထိတော့ ကျွန်တော်အရှက် မမဲ့ရဲဘူးလေ။ မတော်လို့ တစ်ယောက်ယောက်ကများ မေးခဲ့ရင်တောင် ငိုရတဲ့အဖြေက မရှိပြန်ဘူး။ ရှိပြန်ကလည်း ဘယ်ကနေ အစ စွဲထုတ်ရမယ် ကျွန်တော်မသိပါဘူး။ ဒါ့ကြောင့် စိမ်းစိမ်းစိုစိုရှိလှတဲ့ ကျောက်ဆည်ရဲ့ အဝေးကြည့် အလှကိုတောင် မသိကျေးကျွန်ပြု၊ မျက်လွှာချပြီး ကျွန်တော် တစ်ရေး အိပ်ဖို့ ကြိုးစားမြဲ ဖြစ်ပါသည်။ ဘယ်လောက်ပဲ ကျွန်တော် ရင်တွင်းအပူနဲ့အအိပ် ရောချပါသော်လည်း သဲတော-ဝမ်းတွင်းအကူး န...
Comments
Post a Comment