အရင့် အရင်က မိုးလေဝသ သတင်းဆိုရင်
ဘဲခေါင်းစိမ်းရောင် လုံချည်ခါးချိတ်ပြီး
သက်တံ့လို မျက်နှာချေရောင်စုံလူးထားတဲ့
အမျိုးသမီးတစ်ဦး မြေပုံချပ်ကားကြီး နောက်ခံထားလို့ ရေပတ်မဝင်အောင် ပြောဆိုနေတာလွဲရင်
သိခဲ့ရိုး စိတ်ဝင်စားခဲ့ရိုး မရှိတာအမှန်ပါ
အခုတော့ဖြင့်
စနေထောင့်လေးများ စွေနေပြီလား
တိမ်သားလေးများ ညို့နေပြီလား
စိတ်ဝင်စားရတာ အမော
စိတ်မဝင်စားလို့လည်း မရပေဘူးလေ
မိုးရေချိန်လက်မနဲ့
ကော်ပန်းကန်ပြားပေါ်က မနက်စာ ညစာများ
တိုက်ရိုက်အချိုးကျ လာပြီကိုး
မိုးရေချိန် လက်မ ၀ လေးများ ပြရင်
ညစျေးမှာများ စားစားသောက်သောက် ခြေဆန့်ရလေမလား
မိုးရေချိန် အတော်အသင့်ဆိုရင် ထီးတစ်လတ်နဲ့
နီးရာ တွန်းလှည်းထမင်းဆိုင်တန်းလေးမှာ
ထမင်းနဲ့ဟင်းစုံ ပူပူ အငွေ့တထောင်းထောင်းလေး
ပါဆယ်ပြေးဆွဲလိုက်ရမလား ဗျာများလို့ကောင်းတုန်းများ
ဝသုန်မိုးကိုယ်တော်က ဖားအတောင်းကောင်းလို့ လက်မလေးများ ၆၊၇၊၈ လက်မဆိုရင် သေချာပြီ
ယိုးဒယားခေါက်ဆွဲပြုတ်!!!
ဪ လူဆိုတာ ကိုယ့်ဆန်အိုးထိမှ စိတ်ဝင်စားတတ်ကြစမြဲကိုး
နိုင်ငံရေးဆိုတာ ထိုနည်း၄င်းပေလား?
စာကြွင်း။ ခေါက်ဆွဲစားရင်း ရေးခဲ့သည်
Comments
Post a Comment