ဇစ်မြစ်ရင်းကို အကြောင်းခံလို့များ
မြေလှန်တွေးချင့်ရမည် ဆိုရင်တော့ဖြင့်
သမဝါယမပေးတဲ့ဆန်ညံ့ တန်းစီစားရင်း
အားမွေး ဝမ်းလွယ်ခဲ့ရတဲ့ မာတာမိခင်ကို
ဝမ်းရည်စက်စေမလား
အရည်အသားတိုးမလာတဲ့ ခန္ဓာအား
ပြည့်တင်းအောင် ခွံ့ခဲ့ရတဲ့ လက်ကြမ်းနဲ့
ပညာရေးဆိုတဲ့ ငွေခင်းတဲ့လမ်းကို
အဆုံးထိ တစ်ရွတ်တိုက်တိုက် လျှပ်တိုက်တိုက်
ဆွဲခေါ်စေခဲ့တာ ခက်ခဲနိုင်လွန်းခဲ့မယ်ဆိုသော်
ယုံမှား သံသယဖြစ်ဖွယ်မရှိ
ရေဖြန်းလို့မှ လန်းမလာတဲ့ ညာဏ်သေကို
ဇွဲနဘဲသန်သန် တွန်းတိုက်ကြိုးစားကူညီလို့မှ
ပညာတက်ဆိုတဲ့ ဆိုင်းဘုတ်ကလေးဆွဲနိုင်ခဲ့တာဟာလည်း
ကာယအား ဉာဏအား အသက်တစ်ဝက်စာ သွန်ခဲ့ရပြီမဟုတ်လား
ထိုထိုသောကာလများတွင် မိမိတို့သမိုင်းမှာ
နာမည် မှင်တစ်စတောင် စွန်းခဲ့ဖူးခြင်းမရှိတဲ့
ချစ်သူရည်းစားအမည်ခံ ပုဂ္ဂိုလ်ထူးသော်မှ
မိုးကျရွှေကိုယ်လုပ်လို့
အခုတော့ဖြင့် သင်းမရှိရင် သေရပါစေ့မယ်
လွမ်းလွန်းလို့မချိပါပြီတဲ့ ဆိုရအောင်
ကိုယ်သည် အချစ်စား အားရှိနေတဲ့လူမဟုတ်ပါ
ဘယ်သို့သောလူက အချိုကုန်တဲ့ပီကေကို
ပါးစောင်မှာ တယုတယ ထွေးပါမည်နည်း
ကိုယ်သည် ပီကေသာသာ မဟုတ်ပါ
Comments
Post a Comment