ကျွန်တော်တောင့် မခံနိုင်ခဲ့ပါ
“ကျွန်တော်
တောင့်မထားနိုင်တော့ဘူး..” ဒါသည် ကျွန်တော့် စိတ်ထဲမှာသာ ငြီးငြူလိုက်ပြီး ကျွန်တော့်စိတ်ထဲတွင်သာ
လမ်းဆုံးပျောက်ကွယ်သွားသော စကားလုံးပါ။
အမှန်အတိုင်းဝန်ခံရရင် အမေ့ကို CDMမလုပ်ဖို့ ကျွန်တော် တားခဲ့ဖူးပါတယ်။ ထိုသို့တားရခြင်း အကြောင်းအရင်းများ
များစွာရှိပါသည်။ အမေ့သည်
အဖေရော ကျန်မိသားစုတွေကပါ မှီခိုထားရတဲ့ တစ်ခုတည်းသော ထောက်တိုင်ဖြစ်ပါသည်။ မှီခိုထားတယ်ဆိုတဲ့နေရာမှာ နေရာထိုင်ခင်းကအစ၊ စားဝတ်နေရေးအဆုံး အကုန်အကြုံးဝင်ပါသည်။ ကျွန်တော်ကိုယ်တိုင်က ဒီလိုပြောတယ်ဆိုတာ နိုင်ငံနဲ့ လူမျိုးကို မချစ်လို့
မဟုတ်ခဲ့ပါ။ သို့သော် နိုင်ငံတော်ကို ချစ်သလို
ကျွန်တော့်မိသားစုကိုလည်း ပြန်ကြည့်ရဦးမယ် မဟုတ်ပါကလား။ ကျွန်တော်
တာဝန်ကျစဉ် နေထိုင်ခဲ့သည့်ရွာမှ ကျွန်တော့်၏
ဒုတိယအမိနဲ့အဖထံမှလည်း တိုင်းတစ်ပါးထွက်လုနီး မမျှော်လင့်ပဲ ဖြစ်ခဲ့ရသည့် မိသားစုအရေးပေါ်ကိစ္စအတွက် ငွေကြေးအရှုပ် ခေါင်းလွှဲခြင်း ရှိပါသည်။ ထို ငွေခေါင်းလွှဲ ကိစ္စအတွက် ကျွန်တော့်၏ ပုံမှန်လစာအား ထို ဒုတိယအမိနှင့်အဖထံ ထုတ်ယူစေခဲ့ရပါသည်။ ထို့ကြောင့်လည်း သစ်တစ်ပင်ကောင်းမဟုတ်ပဲ ငှက်တစ်သောင်းနားခြင်းရှိသည့် ကျွန်တော့်အတွက် နိုင်ငံခြားကို ထွက်တဲ့ အခါတွင်မူ အိမ်မိသားစု
စားဝတ်နေရေးသည် အမေ့လစာတစ်ခုတည်းအပေါ်၌ပင် ထီးထီးကြီးမှီခိုသွားခဲ့ပါပြီ။ ကျွန်တော်ကိုယ်တိုင်
CDMမှာ ပါဝင်မှာ ဖြစ်တဲ့အတွက်၊ ထိုပုံမှန်လစာသည် လည်း
ရပ်သွားမည်၊ ရွာက တစ်နေ့လုပ်မှ တစ်နေ့စား ဒုတိယအမိဒုတိယအဖကိုလည်း ကျွန်တော့် လစဉ်ဆပ်ရမယ့်ငွေအတွက် တာဝန်မပိုစေချင်။ ဒါ့ကြောင့် ကျန်ရှိသော ဆပ်ငွေအား ကျွန်တော်ကိုယ်တိုင် လစဉ်ဆပ်သွားဖို့ ဖြစ်ခဲ့ရပါသည်။ ဒါ့အပြင် အမေ့CDMရဲ့နောက်ဆက်တွဲ အိမ်ထောင့်တာဝန် စားဝတ် နေရေးသည်လည်း
ကျွန်တော့်အပေါ် ပုံကျလာခဲ့ပါပြီ။ အခုတော့ ကျွန်တော့်မိဘနှစ်ပါး ဝန်ထမ်းအဖြစ်မှ
ရပ်ဆဲခြင်းအတွက် အစိုးရလိုင်းခန်းပေါ်မှ ဆင်း၍ စစ်ကောင်စီ၏ လက်နက်အားဖြင့် အနိုင်ကျင့်မှုမှ လွတ်မြောက်စေရန်
ကျွန်တော့်၏ မိဘများ စစ်ကိုင်းတောင်သို့ ထွက်ပြေးပုန်းရှောင်ခဲ့ကြရပါသည်။ သို့သော်
ကောင်းသတင်း လူချင်းမဆောင်သော်လည်း၊ ဆိုးသတင်း လူချင်းဆောင်ကြသည့်အလျောက်
စစ်ဘက်လက်နက်ကိုင်တို့ သာသနာ့မြေ စစ်ကိုင်းတောင် ရိုးအထိတိုင် လက်နက်ဝဲလို့
ခြေမှုန်းခဲ့ကြပါသည်။ ထို့အတွက်ကြောင့် မိဘများ
နေရာထိုင်ခင်းဖြစ်မြှောက်ရေးသည်လည်း ကျွန်တော့်ခေါင်းပေါ်သို့ ပုံကျလာရပြန်ပါသည်။
ဤအကြောင်းကို ဒီနေရာမှာ ကျွန်တော် အသေးစိတ် ဖော်ပြလိုပါသည်။ ကျွန်တော့် မိခင်သည်
အိမ်ထောင်ကျစဉ်ကတည်းက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့်
ဝန်ထမ်းတို့၏ လက်သုံးစကားအတိုင်း ဘဝလုံခြုံမှုရှိသည်ဟု ယူဆခဲ့ပုံရပါသည်။
ထို့အတွက်ကြောင့်ပင် ငွေကြေး စုစုဆောင်းဆောင်းနှင့် အိမ်နဲ့ရာနဲ့ နေဖို့ဘဝကို
စိတ်ကူးပုံမရခဲ့။ သို့တည်းတိုင် လင်နှင့်မယား တိုးတပေါင် ကြိုးစားခဲ့မှုကြောင့်
မြေလေးရာလေးတစ်နေရာစာ လက်စုပ် စုဆောင်းခဲ့ခြင်း အနည်းငယ်ရှိခဲ့ပါသည်။ အမေ့၏
အကိုတော်သူ ကျွန်တော့်ဦးလေးတွင် သားသမီးများစွာဖြစ်ထွန်း၍
မိသားစုကြပ်တည်းမှု ကြောင့်လည်း အမေ့၏မိဘများ ကျန်ရှိခဲ့သော အမွေနှင့် အမေတို့လင်မယားနှစ်ယောက် စုဆောင်းခဲ့ကြသော မြေနေရာများမှာ
ကျွန်တော့်ဦးလေး(သေဆုံး)နှင့် ၎င်း၏မိသားစုများသာ နေထိုင်ဖို့ ခွင့်ပြုပေးခဲ့ကြခြင်းဖြစ်ပါသည်။ ခြေနှစ်ချောင်းအကယ်ကောင်း၍ ကျွန်တော့်ဦးလေး ဆုံးသွားပြီးနောက် လူသားတို့၏
လောဘအားကြောင့် ဦးလေး၏ကျန်မိသားစုမှာ မိမိတို့မပိုင်သော မြေရာပစ္စည်းများအား စားဝတ်နေရေး
ကြပ်တည်းမှုအလျှောက် ဖယ်ပေးခြင်းမရှိတော့ပဲ အပိုင်သိမ်းဖို့ ကြိုးစားကြပါတော့သည်။ အောက်ခြေဝန်ထမ်းဘဝအား ကာယအားဉာဏအားဖြင့်
မလှန်နိုင်တော့သော ကျွန်တော့်မိခင်၏ ဇရာကြောင့် သားအမိနှစ်ယောက် ထုခွဲရောင်းချဖို့
တိုင်ပင်ကာမှ ဤလောဘသားကောင်များ၏ အစွယ်တဖားဖားကို မြင်တွေ့ခဲ့ရခြင်းဖြစ်ပါသည်။
၎င်းကြောင့်လည်း ကျွန်တော်တို့နဲ့ ထိုမိသားစုအကြား ကျေးဇူးခံဘဝမှ ရန်သူဘဝသို့
ကူးခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ရပါသည်။ ယခု ကျွန်တော့်မိခင် CDM၏နောက်ဆက်တွဲ နေထိုင်မှု အခက်အခဲဖြစ်ရခြင်းမှာ
ဖော်ပြပါပြဿနာ တစ်စိတ်တစ်ဒေသ၏ စိုးမိုးမှုသည်လည်း များစွာရိုက်ခိုက်ခြင်းခံခဲ့ရပါသည်။ မိဘနှစ်ပါး၏ နှစ်ဖက်ဆွေမျိုးများအား
ချိန်ခွင်ထဲ ထည့်ချိန်ကြည့်ပါကလည်း မိခင်၏ အဆွေများအမျိုးများ နည်းပါးခြင်း၊ ချို့တဲ့ကြခြင်းတို့ကြောင့် ကောက်ရိုးတစ်မျှင်
အနေဖြင့် အဖေ့အမျိုးများ ရှိရာသို့ သုတ်ခြေတင် တိမ်းရှောင်ခဲ့ရပါသည်။
သူခိုးလက်ခံဖြစ်မည်ကတစ်ကြောင်း၊ ခြေနှစ်ချောင်းမကယ်ကောင်းဆိုသည့်ဆိုရိုးက တစ်ကြောင်းကြောင့် အဖေ့၏ ဆွေမျိုးများ
ကျွန်တော့် မိဘများအား လက်ခံမထားဝံ့ခဲ့ကြပါ။ မိခင်၏ ဆွေမျိုးများရှိရာ အရပ်သို့
ပြေးရှောင်ဖို့ စဉ်းစားပါသော်လည်း၊ ယခင် ဖော်ပြခဲ့သော မိသားစုမှာ စစ်ဘက်ဒလံများ ဖြစ်သည်ဟု
ကြားသိရ၍ မြေယာကိစ္စအား နိုင်ငံရေးဖြင့် ခုတုံးလုပ်၍ တိုင်တန်းမှာ ကြောက်ရသည့်အားလျော်စွာ
ကူရာမဲ့ကယ်ရာမယ့် ဘဝသို့ ရောက်ခဲ့ကြပါသည်။ ယခု နှာခေါင်းပေါက်လောက်
မြေကွက်ကျင်းလေးပေါ် အမိုးသာရှိပြီး အကာမရှိသော တဲပုတ်သာသာနေရာအခင်းရှိ ကျွန်တော့်မိဘများ၏ အရေးသည်လည်း ကျွန်တော့် တာဝန်ဖြစ်မှန်းမသိ
ဖြစ်ခဲ့ရပါသည်။ နိုင်ငံခြားမှာ စီးပွားရေးကြောင့် ရောက်ခဲ့ရသည်မဟုတ်ပဲ ပညာသင်ကြားရုံသက်သက်သာရောက်လာခဲ့သော
ကျွန်တော့်အတွက် ပညာသင်ဆု ထောက်ပံ့ကြေးမှာ ကျွန်တော့်ပုခုံးပေါ်ရှိ တာဝန်အားလုံးကို
မဖြိုလဲနိုင်ပါ။ ကြားကာလအတွင်း ကုန်စေ◌ျးနှုန်းနှင့် နိုင်ငံရေး၊ စီးပွားရေးဖိအားအမျိုးမျိုးကြားက အားကိုးတကြီးဆက်သွယ်လာခဲ့ကြသော အပေါင်းအသင်းမိတ်ဆွေများ၊ ဆွေများမျိုးများ၏ နှုတ်အားဖြင့်၊ စာအားဖြင့် ဆက်သွယ်ချင်းများ မကြာမကြာ ရခဲ့ပါသည်။ အမျိုးထဲပြေးကြည့်လို့မှ နိုင်ငံခြားမှာ ပညာသင်ဆုရသူ၊ ယခင် တောအုပ်ကြီးဖြစ်ခဲ့ဖူးသော
ကျွန်တော့်အား ငွေခက်ခဲနေပါသည်ဟု ငြီးငြူပါက မည်သို့ပင် ယုံနိုင်ဖွယ်မရှိသည့်အတွက်ကြောင့်
မသိကျေးကျွန်ပြုခြင်း သည်သာ တစ်ခုတည်းသောပြေးလမ်းဟု ဆိုနိုင်ဖွယ်ရှိသော်လည်း၊ ကျွန်တော့်သည်
အမှန်တကယ် လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပါ။ မိဘ၏ လေးစားဖွယ်ဖြစ်သော နိုင်ငံရေးခံယူချက်၏ နောက်ဆက်တွဲသည်
ကျွန်တော့်အတွက် ကြီးစွာသောဖိအားဖြစ်ခြင်းနှင့်အတူ၊ ကျန်ရှိသော ကျွန်တော်ချစ်ရသည့်
သူများအတွက် တာဝန်လစ်ဟင်းခြင်းများသည်၊ ကျွန်တော့်စိတ်၊ကျွန်တော့်အတွေးတို့တွင် စိမ့်ဝင်လျှက်
ကျွန်တော့်အား စက္ကန့်တိုင်း နှိပ်စက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ မိသားစုစားဝတ်နေရေးနှင့်
ငွေရေးကြေးရေး၊ လူမှုရေး အရာများ ဗျာများနေခဲ့သော ကျွန်တော်သည် မိမိ၏ရည်ရွယ်ချက်ဖြစ်သော
ပညာရေနှင့် ခွဲခြားကိုင်တွယ်နိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် အဖက်ဖက်တွင် အားနည်းခြင်းများစွာ
ဖြစ်ခဲ့ရပါသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ သောကနှင့် ပင်လယ်ဝေစွာဖြတ်သန်းနေကြရသော
ပြည်သူများအတွက် မေတ္တာပို့ခြင်းမှ တစ်ပါး၊ ငွေအားဖြင့် မဖြစ်စလောက်သာ ထောက်ပံ့နိုင်သော
မိမိအားလည်း ကျေနပ်အားရခြင်းမရှိနိုင်ခဲ့ပါ။ ယခုနှစ် အစောပိုင်းကာလမှ စတင်၍ အာဏာသိမ်းခြင်းဖြစ်ခဲ့ရာ၊
နေ့စဉ်နှင့်အမျှ အမိမြေနှင့်အဝေးရောက်နေသော ကျွန်တော့်အတွက် သတင်းများမှ မြင်တွေ့ကြားတွေ့ရသော
အရွယ်မမည် ကလေးများ ရက်စက်စွာ အသက်နုတ်ခံရခြင်းနှင့် အနာဂတ် မျိုးဆက်သစ်များ တက်လမ်များ
ဝေဝါးခြင်းများကြောင့် မျက်ရည်နှင့်ပါး အမြဲအပ်ခဲ့ရပါသည်။ တစ်ကိုယ်ကောင်းစိတ်၏အနိုင်ယူခြင်းကို
ခံရပြီးနောက် ကျွန်တော့်မှာ မိသားစုပြဿနာကိုသာ ရှေ့တန်းတင်နိုင်၍ မျက်ရည်များလည်း ခမ်းလွန်းမကခမ်း၍
အငိုတိတ်ခဲ့ရပါတော့သည်။ ယခုတော့ CDMသမားကျွန်တော်၊ မိသားစုအရေးနှင့်နိုင်ငံ့အရေးနှစ်ခုကို
ချီပိုး၍ ဇဝေဇဝါနှင့် ထောင်နန်းစံမည့် အပြန်လမ်းများအား တွေးတောရင်း “ ကျွန်တော် တောင့်မခံတော့ဘူး”
ဟူ၍သာ စိတ်ထဲကျိတ်ငိုလျှက် မနက်ဖြန်ကို ကူးပါဦးမည်။
၁၆ နိုဝင်ဘာလ၊ ၂၀၂၁
Comments
Post a Comment