လွမ်းချင်း
ကြောင်ခြေးနံ့စွဲနေတဲ့ ကြမ်းစုတ်ပျဉ်အိမ်ထောင်ကို လွမ်းတယ်။ ရေဆင်းမှာ ဖြတ်သန်းရတဲ့နေ့တိုင်းဟာ မရိုးနိုင်တဲ့ စိတ်ငြိမ်ဘဝမျိုး။
စပါးစိမ်းနံ့ခြုံထားတဲ့ ရွာအုပ်ကလေးကိုလွမ်းတယ်။ ဘုမ္မဝတီဟာ ရှင်သန်ခြင်းကို မွေးဖွားပေးခဲ့တဲ့ အချိန်မျိုး။
လိပ်စာမရှိသေးတဲ့ အမရာကို လွမ်းတယ်။ ကိုယ့်ဘဝ သင်ခန်းစာကို ငယ်စဉ်ကတည်းက သူခွံကျွေးခဲ့တာပဲ။
ထုံးဖြူဖွေး ခေါင်းလောင်းသံပျံလွင့်ဆဲ ထိုတောင်ကုန်းကိုလွမ်းတယ်။ ဇေယျာမြေသည် တစ်ချိန်က ကိုယ့်အတွက် စိတ်ထွက်ပေါက်ဖြစ်ခဲ့ဖူး။
ဪ......... မေ့ပါ့မလား ကြောင်လှေကားမြို့အတက် ထင်းရှူးတို့ဆီးနှင်းတို့စွတ်ပျံရာမြေ၊ အောက်မေ့ရတာပေါ့ နဝဒေးရဲ့နေဝင်အချိန်တွေ၊ တမ်းတတာပေါ့ သကာတို့ချိုမြရာ သရက်၊အောင်လံမြေ။ ကိုယ်မလိမ်ပါဘူး အပြုံးတွေနဲ့ဖျတ်သန်းခဲ့ဖူးတဲ့ ရေဦးတန့်ဆည်ရေ။
အခုတော့ ရှိုက်သံတိုးတိတ်နေခဲ့တဲ့ ဝန်ရိုးကပ်မြို့တော်လေးမှာ၊ ကိုယ်ဟန်ဆောင် သဘောကျနေခဲ့တာ ကြာပါပြီ။ ဒါသည် ဆယ်ကြိမ်မက ဝန်ခံခြင်းပါ။
Comments
Post a Comment