"ဆန်ပြုတ်နှင့်လဲခဲ့သော အရုပ်"




တီး တောက် တီး တောက်....
တီး တောက် တီး တောက်....
"မြင်လား ငါ့ကားက ပိုပြေးတယ်ဆိုတာ ကိုကြီး မင်းယုံပြီဟုတ်" ကျွန်တော်က ခေါင်းကို ဝံ့လို့ ကြွားပြောလိုက်သည်။ "ဟ.... ကောင်ရ မင်းကားက ကော်နဲ့ဆိုတော့ ပြေးတာပေါ့ကွ၊ ယှဉ်တိုက်ကြည့်လိုက်လေ ငါ့ကားက သံပျော့နဲ့လုပ်ထားတာ၊ ဘယ်အကောင့်ကားက တာမလဲဆိုတာ မင်းနောင်ကြဉ်အောင် ပြချင်လွန်းလို့" သူကလည်း မခံပါ။ ၃နှစ်သာ သားဆက်ခြားထားသည့် ကျွန်တော်နဲ့ ကိုကြီးမှာ ရွယ်တူသူငယ်ချင်းလို မွေးကတည်းက သတ်လိုက်ပုတ်လိုက်နဲ့ ကြီးပျင်းလာခဲ့ကြပါသည်။ ပွဲစေ◌ျးထဲတိုးပြီး အဖေကိုယ်တိုင် လိုက်ဝယ်ပေးလိုက်သည့် ကော်ဖတ်ကားအရုပ်ကို ပီတိအပြည့်နဲ့ နှစ်ယောက်သား ကြမ်းပြင်ပေါ် တစ်တစ်ခွခွ ဆော့ကောင်းနေတုန်း တစ်ဖက်အခန်းအိပ်ယာထဲက အမေ့ ချောင်းဟတ်သံ စီစီကြီးက နားထဲတစ်ချက်တစ်ချက် ဝင်လာခဲ့ပါသည်။
"တော်တို့ ဘာခက်နေလဲသိလား။ မရှိတာ မဟုတ်ဘူးရှင့်၊ မသိတာ မသိတာ..." အမေရဲ့ အဖေ့အပေါ် အနိုင်ထက်စီး ကျိမ်းဝါးသံကြီးနဲ့ အတူ ချောင်းသံ အဟွတ်ဟွတ်က ကပ်ပါလာစမြဲ။ အဖေရဲ့ ခွန်းတုံ့ခွန်းလှန့်ခံပြောသံကိုတော့ နည်းနည်းမှ မကြားရပါ။ ၄နှစ်၅နှစ်သား ရှိပြီဖြစ်သော ကျွန်တော်နဲ့ ၇နှစ်၈နှစ်သားအရွယ် ရှိပြီဖြစ်တဲ့ကိုကြီးမှာတော့ လက်ထဲက အရုပ်လောက် အဖေနဲ့အမေ ရန်ဖြစ်တာကို စိတ်မဝင်စားတာ အမှန်ပေ။ ဒါသည် ကျွန်တော်တို့တစ်သက်တွင် တစ်ကြိမ်နှစ်ကြိမ်ဖြစ်ခဲ့သည်မဟုတ်သည်က တစ်ကြောင်းကြောင့်လည်း ကျွန်တော်တို့ အလေးမထားခဲ့တာ ပါကောင်း ပါနိုင်ပေလိမ့်မည်။
မြန်မာပြက္ခဒိန်နဲ့ရင်းနှီးမှု မရှိတဲ့ ကျွန်တော်သည် ငယ်စဉ်ကတည်းက ဝါခေါင်ဆိုတာကိုတော့ ကောင်းကောင်းကြီးကို မျှော်နေတတ်သည်။ မန္တလေးမြို့မြောက်ဘက်အလွန်ရှိ တောင်ပြုံးပွဲကြီးအပြီး မရှေးမနှောင်းဆိုလျှင် ကျွန်တော်တို့ အမရပူရမြို့မှာလည်း အထက်နန်း၊ အလယ်နန်း၊ အောက်နန်းဆိုပြီး နန်းသုံးနန်းအပြိုင် ရတနာ့ဂူဘုရားပွဲကြီး စည်စည်ကားကား လုပ်ကြတော့မယ်မဟုတ်လား။ ဘုရားပွဲတရားပွဲ၊ နတ်ပွဲ ကနားပွဲတွေထက် ကျွန်တော်တို့ညီအကိုနှစ်ယောက် စိတ်ဝင်စားတာက ပွဲစေ◌ျးတန်းက ကော်ဘတ်ရုပ်တွေ၊ မလိုင်ကရေကရာနဲ့အနုစုတ်၊ ပြီးတော့ မပါမဖြစ် ဗောဓိသန်းထောင်ဘုရားရှေ့က ယမုံနာ မုန့်ဟင်းခါးလေ။ မြစ်အတွင်း နတ်ရေချိုးမတိုင်ခင်ကတည်းက ကျွန်တော် ဖင်တကြွကြွနဲ့ ဝယ်ဖို့ ဆိုင်းပြင်းထားတာသည် သံပတ်ကားအရုပ်။ ပူဆာရမယ်၊ ဒီနှစ်လည်း ရအောင်ကို ပူဆာရမယ်။ ပူဆာရမယ်ဟု ဆိုရခြင်းမှာ နှစ်စဉ်နှစ်တိုင်း အရုပ်တစ်ရုပ်နဲ့ ကျွန်တော့်ရဲ့ ဟန်ဆောင်မျက်ရည်နဲ့တိုက်ပွဲဝင်ပြီး ပူဆာမှ ရစမြဲမို့ ဝယ်ခိုင်းရခြင်းထက် ပူဆာခြင်းကို ကျွန်တော်ရင်းနှီးခဲ့ခြင်းဖြစ်ပါသည်။
မနေ့ညက အလုပ်ကအပြန် အမေ တော်တော်လေး နောက်ကျသည်။ ဒီနေ့မနက်ခင်းကတည်းက အိပ်ယာထဲက ထွက်မလာသေး။ ကျွန်တော်တို့ကတော့ နေ့လည်ထမင်းစားပြီးကတည်းက ရေမိုးချိုး၊ သနပ်ခါးအရည်ထဲကို ပါးပေါ်တင်ပြီး ညနေပွဲလည်ဖို့ကို ဆိုင်းပျင်းနေတော့သည်။ တစ်နေ့လည်လုံး ကျွန်တော်တို့ သနပ်ခါးပျက်မယ်ဆိုး၍ ချွေးထွက်အောင်ပင် မဆော့နိုင်ခဲ့ကြ။ သို့သော်လည်း ပွဲစေ◌ျးတန်းရောက်ရင်တော့ မျက်နှာတစ်ပြင်လုံး ထိုသနပ်ခါးတစ်ကွပ်မကျန်အောင် မျက်ရည်နဲ့သစ်ပြီး ငိုဖို့ အားခဲထားပြီးသား။ အမေတစ်နေကုန်ငြိမ်နေတာကို ကျွန်တော်တို့မှမဟုတ် အဖေသည်ပင် ဂရုထားပုံမပေါ်။ ရေအိုးဖင်အထိ ကပ်နေသော တစ်စက်ကျန်ရေကိုသာ ကော်ခွက်နဲ့ အသံထွက်အောင် ခြစ်ယူရင်း အဖေသောက်နေခဲ့သည်။
“ဆန်ပြုတ်နော် ဆန်ပြုတ်၊ ရှည်တော်မူပြီး ကုန်သွယ်ရေးကားဂိတ်နားက ဆိတ်ပုဆိုးကြမ်းတွေ ဝယ်မလာခဲ့နဲ့ဦး။ စနွင်းမကင်းကို မနက်ဖြန် လူလုံးလှအောင်ထိုးဖို့ ငွေက ချန်ရသေးတာ၊ တော် အထွန့်တက်လို့ ပိုသုံးခဲ့ရင် ကျုပ်က နေမကောင်းတဲ့ကြားက အလုပ်ပြေးနေရဉီးမယ်” အမေသည် မမာတဲ့ကြားက အဖေ့ကို ငေါက်နိုင်သေးသည်။ “ငါ သိပါတယ် မိန်းမရာ….. မင်းသားနှစ်ကောင်ကိုတော့ တစ်ခါတည်း ခေါ်သွားလိုက်မယ်၊ ဟောမှာ ကြည့်လိုက်ဦး သူ့သားတွေဟ နတ်ကတော်တွေထက်အောင် ဖွေးအောင်လူးပြီး ပွဲစေ◌ျးပတ်ဖို့ ပြင်နေပြီ” ပြောပြောဆိုဆိုနဲ့ အဖေလည်း အိမ်ပေါ်က ရော်ဘင်ဟုဒ်ဘီးအပြာပုတ်ကို အိမ်အပြင်ထုတ်ရန် ပြင်လိုက်သည်။ “ဘာအရုပ်မှ မဝယ်ပေးနဲ့ဦးနော် တော်သဘောပေါက်တယ်မလား၊ ကျုပ် ပွဲအလယ်ရက် ပန်းဆပ်ရင်းနဲ့မှ သူတို့ကို တစ်ပါတည်းခေါ်သွားမယ်” အမေ့အသံက နောက်က ကျန်ခဲ့သည်။ ကျွန်တော်က လက်ကိုင်ဘောင်တန်းပေါ်က ကိုကြီးကတော့ စက်ဘီးနောက်ဖင်ထိုင်ကုန်က ထိုင်ရင်း သားအဖသုံးယောက် ရတနာ့ဂူအထက်နန်းဘက်ကို ဉီးတိုက်ထွက်ခဲ့ကြသည်။ ပွဲစေ◌ျးဘက်ကို အဖေကြာကြာပတ်ချင်ပုံမရ။ ပထမဆုံးတွေ့တဲ့အရုပ်ဆိုင်ရှေ့ဘေးမှာပဲ စက်ဘီးကိုထိုးရပ်လိုက်ပြီး ကျွန်တော်နဲ့ကိုကြီးအား “ကဲ… သားတို့ အရုပ်တစ်ရုပ်စီ မြန်မြန်ရွေးကွာ”ဟု ကွမ်းသံ လုံးလုံးနဲ့ပြောသည်။ ကျွန်တော်က မျက်ရည်တောင် မညှစ်ရသေးပဲ အရုပ်ရတော့မယ်ဆိုတော့ ဝမ်းသာလုံးများဆို့ပြီး အရုပ်ကားများတင်ထားတဲ့စင်သို့ ဝမ်းသာအားရ ရပ်ပြီးရွေးလိုက်သည်။ ဒါ အဖေမို့လို့၊ အမေသာဆိုရင် မျက်ရည်ခမ်းလွန်းမက ခမ်းပြီး မြေကြီးပေါ် ဝမ်းလျားမှောက် ခြေပွတ်ပြီး ငိုပွဲဝင်ရင် ဝင်ရင်ဝင်ရပေဦးမည်။ အခုတော့ သနပ်ခါးတောင် မပျက်ပဲ ညီအကိုနှစ်ယောက် အရုပ်ကိုယ်စီနဲ့ဆိုတော့ အဖေပွဲစေ◌ျးမပတ်ပေးတာကိုပင် အပြစ်မတင်ခဲ့ကြ။ ရထားလမ်းဘေး ဗောဓိသန်းထောင်လမ်းကျဉ်းဘက်သို့ အဖေ ချိုးဝင်လိုက်တော့ သိမ်ကြီးစေ◌ျးဘက်ကို အဖေအပြေးနင်းနေပြီဟု ကျွန်တော်သိပါသည်။ မဂ်လာတိုက်ဘေးလမ်း အလယ်ရောက်တော့ မီးရထားသံလမ်း ခါးမှ နေ၍ အဖေဖြတ်လိုက်သည်နှင့် အသောတည်ပင်အောက်က အဖေ့ရဲ့ ဘုံဆိုင်လေးကို ပြခနဲမြင်လိုက်ရသည်။ ထို့နောက် အဖေ ခေါင်းပွတ်ဖင်ပွတ်နဲ့ ဆိုင်ထဲသို့ဝင်သွားလိုက်သည်။ ကျွန်တော်တို့ ညီအကိုနှစ်ယောက်ကတော့ စက်ဘီးပေါ်မှပင် မဆင်းပဲ လက်ထဲက အရုပ်ကိုသာ မဲ၍ ကလိနေတော့သည်။ အချိန်အတန်ကြာပြီးမှ ဘုံဆိုင်အတွင်းမှ အဖေ မျက်နှာရဲကြီးနဲ့ ထွက်လာခဲ့သည်။ ကျွန်တော်တို့ကို စကားတစ်ခွန်းမှ မဆိုပဲ စက်ဘီဖင်ထိုင်ခုံကိုသာ ဖင်ကြားညှပ်၍ အိမ်ကို ဒုန်းနင်းလာခဲ့လိုက်ကြသည်။
“မင်းသားတွေက ပူဆာသကိုးကွ၊ ကိုယ့်သားတွေအကြောင်း ကိုယ်မသိတာလည်းမဟုတ်” အခန်းအတွင်းမှ အဖေ့ရဲ့အသံဖြစ်သည်။ အမေ့ရဲ့ခွန်းတုံ့ပြန်အသံကိုတော့မကြားရတော့ပဲ သလိပ်သံ စီစီကြီးသာ ကြားနေရတော့သည်။ အဖေအခန်းအပြင်ထွက်လာပြီး၊ ခါးကြားက ဝှက်သယ်လာတဲ့ ဖန်ပုလင်းပိုင်းလေးကို မီးဖိုချောင်ထဲသို့ အပြေးဖွက်ရန် ဝင်သွားသည်။ အခန်းတွင်း အမေ့ဆီက စုတ်သပ်သံသဲ့သဲ့ကြားပြီးနောက် အမေ အလုပ်ယူနီဖောင်းဝတ်ကာ နားထင်ကပ်ပလာစတာကြီးနဲ့ ထွက်လာခဲ့သည်။ ဘေးအိမ်က အဒေါ်ကြီးရဲ့ “ဟဲ့ ဆွေ…. ညည်းဒီည ဂျူတီဝင်မယ်ဆို ဆီဆာနှစ်ယောက်လောက်ရှိတော့ အအိပ်တော့ပျက်မယ်ဟေ့”ဆိုပြီး အိမ်အရှေ့က ဖျတ်ရင်းအော်သွားသည်။
အမေကို့အိမ်ထဲကမထွက်ခင် ကျွန်တော်တို့ညီအကိုနှစ်ယောက် အမေ့ကိုလှမ်းကြွားလိုက်သည် “အမေ သားရဲ့ကားကို ကြည့်လိုက်ဦး သံပတ်ကလေးနဲ့၊ ဒီမှာကြည့်ပါဦး…..”
တီး တောက် တီး တောက်
တီး တောက် တီး တောက်
ကျွန်တော်တို့ကို ရဲ့ရဲ့သာပြုံးပြပြီး အိမ်ရှေ့အပေါက်ထွက်သွားခဲ့သည်။
တီး တောက် တီး တောက်
တီး တောက် တီး တောက်
အမေ့အတွက် ထိုအသံသည် နားဝင်ချိုရဲ့လားတော့ ကျွန်တော်မသိ။ ထိုနှစ်က အိမ်တွင် စနွင်းမကင်းမထိုးခဲ့ပါ။
၈.၂.၂၀၂၂
ရဲထွဋ်အောင်

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့