အိမ်ကာရာအိုကေ


ကျွန်တော်ငယ်ငယ်တုန်းက အိမ်က မိဘတွေပိုက်ဆံရှိကြတာတော့ မဟုတ်ပေမယ့်၊ မိဘနှစ်ပါးစလုံးရဲ့ ဝါသနာကြောင့် အိမ်မှာ အောက်စက်(ဗွီစီဒီစက်)တို့ ဆောင်းဘောက်(sound box)တို့အပြင် သူနဲ့တွဲဆိုလို့ရတဲ့ ကြိုးတပ်မိုက်ခရိုဖုန်း(Mic)နှစ်ချောင်းလည်း ရှိပါတယ်။ ကိုယ့်ဘေး ခေါင်းရင်း၇အိမ်၊ခြေရင်း၇အိမ် ပြေးကြည့်လို့လည်း ဒီလို ကာရာအိုကေစက်ဆိုလို့ ကိုယ်တွေအိမ်သာ ရှိတော့ တစ်မိသားစုလုံးက အမောက်တထောင်ထောင်နဲ့ ညနေရောက်တာနဲ့ တစ်ယောက်တစ်လှည့် အသံကုန် ဟစ်ကြပြီလေ။ အိမ်က စက်က နားရတယ်လို့လည်း မရှိပါဘူး၊ ကျွန်တော်တို့ မိသားစု ငါးယောက်ရဲ့ အသံသာကုန်တယ် ပညာမကုန်သွားကြတဲ့ အောက်မှာ စက်သံ တဂီဂီနဲ့ ရုန်းရရှာပါတယ်။ မိသားစု ၅ဦးလုံးရဲ့ အဲ့ဒီခေတ်အခါက အသဲစွဲအောင် ကြိုက်ခဲ့ကြတဲ့ တေးစီရီးလေးက "နှောင်ကြိုးလေးတစ်မျှင်"ပေါ့။ မိသားစု ငါးဦးလုံးမှာ ကိုယ်ပိုင်သီဆိုနေကြတေးလေးတွေ ရှိကြတော့ မိုက်လုရန်ဖြစ်ရတာတော့ မရှိကြပါဘူး။ ဟော..... ဇော်ဝင်းထွဋ်ရဲ့ ဒဏ်ရာရထားဆိုရင် ၁၁နှစ်၁၂နှစ်သား ရှိပြီဖြစ်တဲ့ ကျွန်တော့်အကိုက ဦးညီထွဋ်သီချင်းကို ငယ်သံမပျောက်ပဲ ဆိုပါတယ်။ ဒုတိယတစ်ပုဒ်ဖြစ်တဲ့ အဲလက်စ်ရဲ့ ချစ်သေးရဲ့လား သီချင်းကို အချစ်ကိုမသိသေးတဲ့ ကျွန်တော့်ညီ၂နစ်သားက ပါးစပ်ထဲ မိုက်ကြီးထည့်ပြီးဆိုတတ်ပါတယ်။ ကျွန်တော်ကိုတော့ အမျိုးသမီးအသံပါဝါကောင်းကောင်းနဲ့ အန်တီချောစုခင်ရဲ့ "ကိုယ့်အတွက်အိပ်မက် မင်းမက်လား"သီချင်းကို ဖင်ကုန်းအော်ခိုင်းပါတယ်။ မျှမျှတတနဲ့ ကျန်တစ်ခွေလုံးကို အဖေရဲ့ အသံအက်အက်ကြီးနဲ့ပဲ လွှမ်းပါတော့တယ်။ အမေ့ရဲ့ "ဘာမဆိုဖြစ်နိုင်တယ်"တော့ မပါဘူးပေါ့လေ။ သီချင်းဆိုတာသည် ပရိတ်သတ်ရှိမှပိုအော်လို့ကောင်းတယ်လို့ အဖေတို့အမေတို့က ယူဆထားလေသလားတော့မပြောတတ်ဘူး၊ အိမ်ကို ဧည့်သည်လာပြီဟေ့ဆိုလို့ရှိရင် အဲ့ဒီအောက်စက်ကြီး ပြေးဖွင့်ပြီး၊ အဲ့တေးစီးရီးကို ကျွန်တော်တို့ ညီအကို သုံးယောက်ကို ဆိုခိုင်းရတာ အမောပါ။ ကျွန်တော်တို့ကလည်း မြှောက်ပေးရင် သေဆေးတောင် ဖင်မြှောက်သောက်ချမယ့်အမျိုးဆိုတော့ ဧည့်သည်က ချီးကျုးလေ ကျွန်တော်တို့ကလည်း အာခေါင်ခြစ်ပြီး ဟဲလေပေါ့။ ဒါကတော့ ကျွန်တော်တို့မိသားစုရဲ့ ပတ်ဝန်းကျင်မျက်စိဆံပင်မွှေးစူးဖွယ် အလေ့အထလေးပါပဲ။ တစ်ခါတစ်ခါ သီချင်းဆိုပြဖို့ ဧည့်သည်ကို မသိစိတ်ကတောင် မျှော်မိတတ်သေးတယ် မဟုတ်လား။ ဒါပေမယ့် ၈နာရီ ကိုရီးယားကားပြီးရင်တော့ အိပ်နေကြဖြစ်သည့်အတွက် ၈နာရီနောက်ပိုင်းတော့ ဘယ်ဧည့်သည်မှ မမျှော်တော့ပါဘူး။ မဆိုရလည်း နေပါစေပေါ့။ တစ်ရက်သား အိမ်ကို ကြွနေကြဖြစ်သည့် ကိုတော်တစ်ပါးက အဲ့ဒီညက ၉နာရီ တရုပ်ကားလာတဲ့အချိန်ကြီး ကြွလာခဲ့တော့ အမေနဲ့အဖေက ကိုယ်တော်ဘာကိစ္စနဲ့ ကြွလာတာ နောက်မှထား၊ ထုံးစံအတိုင်းပဲ အရင်ဆုံး အဖေက အောက်စက်ကြီးပြေးဖွင့်၊ အမေက သိုးနေအောင်အိပ်တဲ့ ကျွန်တော်တို့ ညီအကို၃ယောက်ကို ပြေးနိုးပြီး နှောင်ကြိုးလေး တစ်မျှင်ခိုင်းတော့တာပါပဲ။ ပထမဦးဆုံး အပုဒ်ဇော်ဝင်းထွဋ်ကို ကိုကြီးက ပါးမှာ သွားရည်စီးကြောင်းကြီးနဲ့ တာဝန်ကျေဆိုပြီး ပြန်အိပ်သွားပါတော့တယ်။ အငယ်ကောင်ကတော့ အရမ်းငယ်သေးတာ့ သူ့ရဲ့ အဲလက်စ်ကို ကျော်ပြီး၊ ကျွန်တော့်ကို ဇွတ်ချောစုခင်ခိုင်းပါတော့တယ်။ အိပ်ကလည်း အိပ်ချင် အမေကလည်း မျက်ထောင့်နီကြီးနဲ့ ဇွတ်ဆိုခိုင်းနေတော့ စိတ်မပါလက်မပါနဲ့ ပါးစပ်လှုပ်ရုံသာ ကျွန်တော်ဆိုနေပါတော့တယ်။ ပထမတစ်ပိုဒ်ပြီးတော့ ကိုယ်တော်က ချီးကျူးခန်းမဖွင့်ခင် အမေက အနားကပ်လာပြီး ပေါင်တွင်းကြောကို ခိုးလိမ်ပြီး "နင်ကောင်းကောင်းဆိုတတ်ရဲ့သားနဲ့ သေချာဆိုဟဲ့ သေချာဆိုဟဲ့"ဆိုပြီး ကျိမ်းလိုက် လိမ်လိုက်ပေါ့။ ကျွန်တော့်မှာလည်း အိပ်ကအိပ်ချင်၊ နာကနာနဲ့ ဘုန်းကြီးကိုသာ မျက်စောင်းထိုးပြီး ဇောင့်ဇောင့်နဲ့သာ ဆိုပြပါတော့တယ်။ ဘုန်းကြီးကတော့ ကျွန်တော့်ဂြိုလ်ထိုးတာကို ကြည့်ရင်း ဟန်လုပ်ချီးကျူးရှာပါတယ် "ကြည့်စမ်း ဒေါ်ဆွေ့သား အလတ်ကောင်လေးက ချောစုခင်သီချင်းဆိုတာ ချောစုခင်တောင် သူ့လောက် ချောစုမခင်ဘူး"တဲ့လေ။
အဲ့ဒီအောက်စက်ကြီးလည်း နောက် ၄လလောက်နေတော့ ဒဏ်မခံပဲပျတ်ရှာပါတယ်လေ၊ အဖေနဲ့အမေကတော့ ထပ်ဝယ်ဖို့ ပိုက်ဆံရှာနေကြချိန် ပတ်ဝန်းကျင်ကတော့ ငွေမပြည့်ဖို့ပဲ ကျိတ်ဆုတောင်းနေလား မသိပါဘူး။
၁၀.၅.၂၀၂၂

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့