အားနာမှုကြီးသတဲ့လား?


ဘယ်နေရာတွေမှာ အားနာမှုကြီးသလဲဆိုတော့ တစ်ဖက်လူ အကူအညီတောင်းလာရင် ငြင်းရမှာအားနာတာ။ တစ်ဖက်လူက တစ်ခုခု ကမ်းလှမ်းလာရင် မျက်ကွယ်ပြုရမှာ အားနာတာ။ ငြင်းလိုက်ရုံ၊ မျက်ကွယ်ပြုလိုက်ရုံမျှနဲ့တော့ အားနာတဲ့အဆင့်မရောက်သေးပါဘူး။ မိမိအတွက်လုံးဝအဆင်မပြေပါပဲနဲ့ မငြင်းတာ၊ မျက်ကွယ်မပြုလိုက်တဲ့အခါကျမှသာ အားနာတဲ့အဆင့်ကို ရောက်တာပါ။ တစ်ခါမငြင်း နှစ်ခါမငြင်းခြင်းက လူကို ထိခိုက်မှု အနည်းငယ်(ကိစ္စအပေါ်မှာတော့ မူတည်တာပေါ့)ရှိနိုင်ပေမယ့်၊ ကာလတိုမှ ကာလရှည်သို့ မျှော်တွေးကြည့်ဖို့ မေ့သွားလေတော့ အပြုသဘောမှ အပျက်သဘောဖက်သို့ ယိမ်းလာတာ သတိမူကြစေချင်တယ်။ "ချစ်သောအချိန်မှာ မုန်းစကားဆို"ဆိုတဲ့ အနက်ကို တွေးလေ သဘောကျလေပါပဲ။ တစ်ဆင့်ထပ်တွေးကြည့်မိရင် အကြာကြီးတွဲလာတဲ့အတွဲတွေ၊ အကြာကြီးပေါင်းလာတဲ့သူငယ်ချင်းမိတ်ဆွေတွေ၊ အကြောင်းပြချက်ကြီးကြီးမားမားမရှိပါပဲနဲ့ ပြတ်ကြ ကွဲကြတွေ မြင်ဖူးကြမှာပါ။ သူတို့ဆက်ဆံရေးပြတ်သွားတာကို အပြင်လူတွေ ဝေဖန်ကြတဲ့အခါ သူတို့နောက်ဆုံးဖြစ်သွားတဲ့ပြဿနာလေးကိုပဲ ကြည့်ပြီး ဝေဖန်ကြတယ်၊ အမှန်နဲ့အမှား ဆုံးဖြတ်ကြတယ်။ အဲ့ဒီတော့ တစ်ဖက်သတ်သဘောမျိုးတွေ ဆန်လာတယ်၊ ထားခဲ့တဲ့သူကို အပြစ်ဝိုင်းပြောကြတာမျိုးတွေ လုပ်ကြတယ်။ ဒီနေရာမှာ "အားနာမှု"ဘယ်လိုအလုပ်လုပ်သွားသလဲဆိုတာကို သတိပြုစေချင်တယ်။ တွဲကာစ ပေါင်းကာစဆိုရင် တစ်ယောက်နဲ့တစ်ယောက်အပြစ်မမြင်ကြဘူး၊ မြင်လည်း ထုတ်မပြောကြဘူး။ ချစ်စိတ်မွှန်လို့ အပြစ်မမြင်တာက ပြဿနာမဟုတ်ပေမယ့်၊ အပြစ်မြင်ပါလည်း ထုတ်မပြောတဲ့ အားနာမှုက ပြဿနာ(ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အားနာခြင်းတစ်မျိုးလို့ပဲ မြင်ပါတယ်)။ သူငြိုငြင်မှာကြောက်လို့၊ သူစိတ်ကောက်မှာစိုးလို့၊ သူ့ကို စိတ်မကောင်းမဖြစ်စေချင်လို့ဆိုတဲ့ အကြောင်းပြချက်ကလေးကို ကိုင်စွဲပြီး မတော်တဲ့ဖိနပ်ကို ပေပြီး အတင်းစီးလာတာ ကြာတော့ ပျက်ပါလေရော။ တစ်ကယ်တမ်းက အားနာတာကို ထုတ်မပြောရင်းနဲ့ ကြာတော့ အနာလေးတွေစုလာတာပေါ့။ အရင်ကလည်း နှုတ်က ထုတ်ပြောခဲ့တာမဟုတ်တော့ ကြာတော့လည်း ထုတ်မပြောဖြစ်တော့ပဲ ဆက်ပြီးအားနာလာလိုက်ကြတာ ရေပြည့်တဲ့အိုး တစ်စက်အပိုနဲ့လျှံတဲ့အချိန် ရောက်လာတော့တာပါပဲ။ ဒါဆိုရင် အားနာမှုက ဆက်ဆံရေးတစ်ခု ပြေလည်ဖို့သုံးတဲ့ပစ္စည်းတစ်ခုမဟုတ်ပဲ၊ တစ်ဖြည်းဖြည်းလှိုက်စားတတ်တဲ့ ဓာတုတစ်ခုလိုပဲလား။ ဒါတော့ မသေချာဘူး၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်လည်း အားနာတတ်တဲ့လူလို့ ကျွန်တော့်ကိုယ်ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အားနာပုံက "တစ်ဖက်လူရဲ့အကူအညီကို လွယ်လွယ်နဲ့ယူလိုက်ရမှာကို ကြောက်တဲ့ အားနာမှုမျိုးပါ"။ တစ်ဖက်လူကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်တာ၊ အကူအညီယူရင်း အကျင့်ပါပြီး၊ ဒါသည် တစ်ဖက်လူက လုပ်ကိုလုပ်ပေးနေကြ၊ လုပ်ကိုလုပ်ရမယ့်အရာဆိုတဲ့ အကျင့်ဖြစ်သွားရင်းက ဆက်ဆံရေးတစ်ခု ပျက်စီးသွားမှာကို ကြောက်တဲ့ အားနာမှုမျိုးပါ။ ဒါဆို အားနာခြင်းအမျိုးမျိုးရှိကြဦးမယ်ထင်တယ်။ ဆက်ဆံရေးတစ်ခု တိုးတက်ကောင်းမွန်ဖို့အတွက်၊ ဆုတ်ယုတ်ဖို့အတွက်ဆိုတာကတော့ လူတွေက မိမိတို့ခံယူချက်အမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆက်လက် လက်ဆင့်ကမ်းနေဦးမယ်ထင်ပါတယ်။ ကျွန်တော်လည်း အချိန်ကို ငဲ့လို့ အားမနာလျှာမကျိုး၊ ဒီနေရာမှာပဲ တိခနဲ ရေးတာရပ်ပါမယ်။ ဒီစာရေးနေတဲ့အချိန် အပေါ်ထပ်က အားမနာတမ်း တဒုန်းဒုန်းအသံ တရားခံကို တက်ဆဲဖို့ သင့်မသင့်၊ ဘယ်လိုပုံမျိုးနဲ့ အားနာရမလဲ စဉ်းစားပါဦးမည်။

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့