"အသက်အပို"


"ဟဲ့.... အလတ်ကောင် လာခဲ့ဦး၊ ငါနဲ့ခဏလိုက်ခဲ့စမ်း"။ အိမ်အပေါက်က အမေ့ရဲ့ အသံနှိမ့်ခေါ်သံကြောင့် ကျွန်တော် ခေါင်းပုသွားတာတော့အမှန်ပဲ။ "ဘာရှိလို့လဲ မာမီရဲ့၊ မာမီ့ကြည့်ရတာကလည်း ခိုးကြောင်ခိုးဝှက်နဲ့"။ အမေဘာကြောင့် ပုန်းလျှိုးကွယ်လျှိုးနဲ့ခေါ်နေမှန်း မသိပေမယ့် ကျွန်တော် စိုးရိမ်သွားတာတော့ အမှန်ပဲ။ "လိုက်ခဲ့စမ်းပါဆိုဟယ်.... လုပ် လုပ်၊ ဖိနပ်စီး"။ ကျွန်တော့်အရှေ့ကနေ တဆောင့်ဆောင့် ထွက်သွားတဲ့ ထဘီတိုတိုနဲ့ အမေ့ကို ကြည့်ရင်း၊ ကျွန်တော်ပါ ဘာမှန်းမသိ ခေါင်းပုပုနဲ့ လိုက်လာခဲ့လိုက်သည်။ ကျန်းမာရေးဝန်ထမ်းဖြစ်သည့် အမေက သူ့ဝါ့ထ်ထဲသို့ တန်းတန်းမတ်မတ်ကြီးသွားနေသော်လည်း တစ်လမ်းလုံး ကုတ်ချောင်းချောင်းနဲ့။ "ငါ့အမေဆိုတာဟာလေ ဘာတွေရှုပ်နေလဲမသိ"ဆိုနဲ့ အတွေးကို တစ်လမ်းလုံး လွယ်ရင်းသာ ကျွန်တော် ပါလာခဲ့ပါသည်။ အမေ့ဝါ့ထ်ထဲရောက်တော့ လူမစည်ကားသင့်သည့် ဆေးရုံမှာ စည်စည်ကားကားနဲ့ကို အော်ဟစ်သံတွေ၊ သွေးထွက်သံယိုတွေ၊ ကလေးငိုသံတို့က ဆီးကြိုနေသည့်အပြင် ချွေးနဲ့သွေးရောနေသည့် ညှီစို့စို့အနံ့တို့က ကျွန်တော့်ကို မျက်မှောင်ကြုတ်စေခဲ့သည်။ ထို့နောက် စူစူပုတ်ပုတ်နဲ့ ပါလာသည့် ကျွန်တော့်ကို ဂရုမထားပဲ အမေသည် ဆရာ/ဆရာမများ နားနေခန်း၏ ထောင့်ကွယ်လေးမှာ ကျွန်တော့်အတွက် ထိုင်ခုံတစ်လုံးချပေးပြီး နေရာယူရန် ပြင်လိုက်သည်။ သူနာပြုများ၊ ဆရာဝန် ဆရာဝန်များတို့မှာ အလုပ်ကိုယ်စီ သူဝင်ကိုယ်ထွက်နဲ့ ဗျာများနေကြဆဲ။ ထိုကာလက H1N1ဆိုတဲ့ရောဂါဆိုး တစ်ခေတ်ထနေသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများမှာ နေ့စဉ် သေမင်းနှုတ်ခမ်းဝ လမ်းလျှောက်ရင်းသာ လူနာများကို မငြီးမငြူ ကိုင်တွယ်ကုသနေကြရတဲ့ကာလပေါ့။ ကိုယ့်အမေသည်လည်း အခြေခံဝန်ထမ်းတစ်ယောက်၏ တာဝန်ဝတ္တရားကိုလွယ်ရင်း ထိုရောဂါဆိုးကြီးကြား ဒီနေ့ကူးမလား၊ မနက်ဖြန်ကူးမလားရယ် မသိ။ တအောင့်လောက်ကြာတော့ ကျွန်တော်နဲ့အမေတို့ရှိရာ အခန်းထဲသို့ ထဘီအပြာဝတ် အထက်တန်းသူနာပြုဆရာမတစ်ယောက် အမေ့ကို မျက်စောင်း တထိုးထိုးနဲ့ ဝင်လာခဲ့သည်။ ကျွန်တော်တို့ နေရာယူထားတဲ့ လူရိပ်ကွယ် အခန်းထောင့်ကို ထိုအမျိုးသမီးရောက်တော့ အမေက ထိုသူနာပြုအား နှဖူးက ချွေးလေးတစို့စို့နဲ့အတူ သွားဖွေးအောင် စပ်ဖြီးဖြီးရယ်ပြနေခဲ့တယ်။ "အမလေး... ဒေါ်ဆွေ၊ တဖြဲဖြဲလုပ်မနေနဲ့ ဟွန်း.... ညည်းကိုတော့ ကျုပ်က ဘယ်စကားလုံးရွေးပြီး ဘာပြောရမှန်းကို မသိဘူး" ထိုအမျိုးသမီးကဆိုသည်။ ထို့နောက် ကျွန်တော်နဲ့အမေ့ကို ကျောပေးကာ သူယူလာခဲ့သည့် ဆေးခွက်ထဲမှ ဆေးတစ်လုံးအား ထိုးအပ်နဲ့ ဆုတ်သံပါအောင် ဆွဲစုပ်ယူနေခဲ့သည်။ ဆေးကို စုတ်ရင်း အမေ့ကို တစ်ချက် မျက်စောင်းလှန်ထိုးလိုက်ပါသေးသည်။ အမေကတော့ စောနကလို စပ်ဖြဲဖြဲကြီးပဲလုပ်နေသည်။ စကားလုံးများများစားစား မပြောကြသော အမေနဲ့ထိုအမျိုးသမီးကြား ကျွန်တော်သာ မျက်စိကလည်ကလည်နဲ့ နားမလည်နိုင်ရှိနေခဲ့သည်။ ထို့နောက် အမျိုးသမီးက "ဟဲ့.... လက်က လှန်လေ"ဆိုတဲ့ စကားကြောင့် အမေက ကျွန်တော့်လက်မောင်းကို ဆတ်ခနဲဆွဲလိုက်ပြီး အကျီ်လက်အား ဆွဲတင်လိုက်သည်။ ထိုအမျိုးသမီးလက်ထဲမှ ဆေးတစ်လုံးသည် စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်တော့်လက်မောင်းမှတစ်ဆင့် ထိုးသွင်းခြင်းကို ခံလိုက်ရသည်။ ကျွန်တော်သာ ကြောင်စီစီနဲ့ တစ်သက်မှာ အမြန်ဆုံး ဆေးထိုးခြင်းကို ကြုံလိုက်ရတော့သည်။ ဆေးထိုးပြီးသည်နှင့်ချက်ချင်း အမေက ကျွန်တော့်ပုခုံးကို ပုပ်ကာ "သွား... ရပြီး ပြန်တော့တဲ့"။ ကျွန်တော်လည်း အမေ့စကားကြောင့်သာ သုပ်ပြာသုပ်ပြာနဲ့ အိမ်ကို ချက်ချင်းပဲပြန်လျှောက်ခဲ့သည်။ ထိုအမျိုးသမီးနဲ့ အမေကတော့ ကျွန်တော့်အနောက်မှာပဲ သူတို့ချင်းနားလည်တဲ့ စကားဝိုင်းကို ပြော၍သာ ကျန်နေခဲ့သည်။ အပြန်လမ်းမှာတော့ ကျွန်တော်လည်း ဘာကြောင့်မှန်းရယ်မသိပဲ အမေ့လို ကုတ်ချောင်းကုတ်ချောင်းနဲ့ပေါ့။
အဲ့ဒီနေ့က အမေ့ကို စိတ်ဆိုးလိုက်တာဆိုတာ အရမ်းပါပဲ။ အလုပ်က အပြန် ထမင်းကို ကမန်းကတန်းနဲ့ ထိုင်ဝါးနေတဲ့အမေ့ကို ကြည့်ရင်း ကျွန်တော့်ဖြင့် စိတ်ဆိုးလိုက်တာဆိုတာ မျက်ရည်တွေဝဲလို့။ အမေကတော့ ကျွန်တော်စိတ်ဆိုးတာတောင် သိဟန်မပေါ်ပါဘူး။ တကယ်ဆိုရင် အမေဟာလေ သားသုံးယောက်မွေးထားတာပဲ၊ အခုလိုမျိုး မျက်နှာလိုက်ဖို့ မသင့်ပါဘူး။ မျက်နှာလိုက်မယ်ဆိုလည်း အငယ်ဆုံးကောင်ကို အားရပါးရ မျက်နှာလိုက် လိုက်ပါ့လား။ အမေကကော အသက်အပိုများ ပါလေသလား။ အဖေကကော အသက်နဲ့ပဲ မဟုတ်ပေဘူးလား။ အခုတော့ အမေဟာလေ ကျန်းမာရေးဝန်ထမ်းတိုင်းကို တစ်ယောက်တစ်လုံးကျ နိုင်ငံတော်က အကန့်အသတ်နဲ့ချပေးတဲ့ H1N1ဆိုတဲ့ကာကွယ်ဆေးတစ်လုံးကို ဟောဒီအလတ်ကောင်ကို ထိုးပေးခိုင်းလိုက်သတဲ့လား။ ကျွန်တော်ကသာ စိတ်ဆိုးလို့ကျတဲ့မျက်ရည်လားမသိ၊ ဝမ်းနည်းလို့ကျတဲ့မျက်ရည်လားမသိ၊ ပီတိဖြစ်လွန်းလို့ကျတဲ့မျက်ရည်လားမသိနဲ့ အဓိပ္ပါယ်မဲ့စွာ ငိုကျန်နေခဲ့တာ အမေကတော့ အသက်အပိုကြီးနဲ့ သူ့ဝါ့ထ်ထဲကို ဟော... ထွက်သွားပြန်ပါပြီ။
ရဲထွဋ်အောင်
(၇.၂.၂၀၂၂)

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့