နားလည်မှုကို နားလည်မှုလွဲခြင်း


လမ်းပေါ်မှာ တွန်းလှည်းသည်လေးတွေ၊ အမှိုက်လှည်းတွေသွားလာတာနဲ့ပက်သက်ပြီး စည်းကမ်းအရမ်းတင်းကြပ်ထားတာရှိလား၊ ဟင့်အင်း မရှိပါဘူး၊ နားလည်မှုနဲ့ပဲ သူတို့လေးတွေ သွားလာတာကို ခွင့်ပြုထားပါတယ်။ ဒါဖြင့်ရင် လမ်းပေါ်တက်ပြီး လမ်းဖယ်မပေးတာတို့၊ ကားကြပ်လူကြပ်တဲ့နေရာတွေမှာ လမ်းမပေးပဲ ငါတို့အခွင့်အရေးပဲ စောင့်ကြပေါ့ ဆိုတာတွေ၊ ကားသည်တွေ လမ်းလယ်ခေါင်ကားရပ်ပြီး ဈေးရောင်းနေကြတာတွေကကော နားလည်မှုပဲလား?
အများပြည်သူ သွားရာလမ်းမှာ ကိစ္စရှိလို့ စကားရပ်ပြောနဲ့ပက်သက်ပြီးရော လူ့စည်းကမ်းအရ ရှုံချတာရှိလား၊ ဟင့်အင်း မရှိပါဘူး၊ နားလည်မှုနဲ့ပဲ ဘေးကရှောင်သွားပေးလိုက်ကြတာပါပဲ၊ ဒါဖြင့်ရင် လမ်းပိတ်ပြီး အားရပါးရစကားကိုကျယ်ကျယ်ပြောနေတာကြပြီး ဒါက အများပိုင်လမ်းပဲလေ မကျေနပ်ရင် လမ်းကို ဝယ်ကြပေါ့ဆိုတဲ့ အချိုးနဲ့ လမ်းပိတ်ရပ်တတ်တာကျတော့ကော နားလည်မှုပဲလား?
ဈေးဝယ်တဲ့အခါတွေမှာပဲဖြစ်ဖြစ် ရုံးတွေမှာ စာတင်ရတဲ့အခါပဲ ဖြစ်ဖြစ် အလှည့်ကျနဲ့ ပက်သက်၍ တန်းစီမှရမယ်ဆိုပြီး တင်းကြပ်သတ်မှတ်ထားတာရှိလား၊ ဟင့်အင်း မရှိပါဘူး၊ အရေးကြီးတဲ့လူကကြီးသလို အလျင်လိုတဲ့လူက လိုသလို အသက်အရွယ်ကြီးတဲ့လူက ကြီးသလို ဦးစားပေးပြီး နားလည်မှုနဲ့ အလှည့်ပေးလိုက်ကြတာပါပဲ၊ ဒါဖြင့်ရင် နောက်လူတွေကို အားမနာတတ်ပဲ မိမိဆန္ဒကိုသာ ရှေ့တန်းတင်ရင်း အချိန်ဆွဲတတ်ကြတာ၊ ကိုယ့်အလှည့်မှာ ကိုယ့်ကိစ္စမပြီးမချင်း နောက်လူကို ခဏလေးဖြစ်ဖြစ် ဦးစားမပေး အလျော့မပေးတတ်တာကျတော့ကော နားလည်မှုပဲလား?
အသံပလံဆူညံခြင်းနဲ့ပက်သက်ပြီး ဘယ်အချိန်မှ ဘယ်အချိန်ထိ ဘယ်အပြုအမူမျိုးကို မပြုရဆိုတဲ့ လူ့စည်းကမ်းတင်းကြပ်ထားတာမျိုးရှိလား၊ ဟင့်အင်း မရှိပါဘူး၊ ရပ်ထဲရွာထဲ အလှူပွဲ မဂ်လာပွဲတွေ၊ လူငယ်တွေ သောက်ကြစားကြတာတွေ၊ အိမ်ဆောက်တာ အဆောက်အဦးပြင်တာတွေကို ဒီလိုပဲ နားလည်မှုနဲ့ လုပ်ကြတာပါပဲ၊ ဒါဖြင့်ရင် သန်းခေါင်ကျော်ကြီး အော်ဟစ်သီချင်းဆိုတာတွေ၊ အပေါ်ထပ်အောက်ထပ် အသိပေးတောင်းဆိုခြင်း အလျင်းမရှိပဲ အဆောက်အဦးပြင်ကြရိုက်ကြနှက်ကြ ထုကြထောင်းကြတာတွေ၊ အိမ်ပွဲတွေမှာ ၇အိမ်ကြား၈အိမ်ကြားကျယ်လောင်စွာ စက်ဖွင့်တာတွေကို ငါ့အိမ်နဲ့ငါ့ ဘာလုပ်လုပ်ဆိုတာကျတော့ကော နားလည်မှုပဲလား?
Public transportတွေနဲ့ပက်သက်ပြီး ခရီးသည်များရဲ့ လိုက်နာရမည့် အချက်တွေ၊ ယာဉ်မောင်းသူနဲ့အကူတို့ရဲ့ စောင့်ထိန်းရမယ့် အရာတွေနဲ့ပက်သက်ပြီး အင်မတန် တိကျသေချာစွာကိုယ်တွယ်ထားတာမျိုးရှိလား? ဟင့်အင်း မရှိပါဘူး၊ နားလည်မှုနဲ့ပဲ သူ့ပစ္စည်းအတင်အချတွေ ကိုယ့်ပစ္စည်းအတင်အချတွေ၊ လမ်းကြုံရင် ကြုံသလို ခရီးသည်ရဲ့လိုအပ်ချက်ရှိရင် ရှိသလို၊ ဆီးဝမ်းကိစ္စတွေကို လိုအပ်ရင်လိုအပ်သလို နားလည်မှုနဲ့ တောင်းဆိုအလုပ်လုပ်ကြတာပါပဲ၊ ဒါဖြင့်ရင် တန်ပိုတင်ပြီး ဦးရာလူစနစ်နဲ့ လက်ဆွဲအိတ်အခန်းတွေမှာ နေရာယူခြင်သလို ယူကြတာတွေ၊ ဟိုနေရာကွမ်းထုပ် ဒီနေရာကွမ်းထုပ်နဲ့ ယာဉ်မောင်းတချို့ အချိန်ဖြုန်းနေတာတွေ၊ ကိုယ့်ပစ္စည်းကိုယ် ဥစ္စာစောင့်လိုမျိုး တစ်မေးတည်းမေးပြီး အပြန်ပြန်အလှန်လှန် ရောက်တဲ့နေရာမှာ ထုပ်စစ်ခိုင်းတာတွေ၊ တန်စာချတဲ့အခါ ဖင်နှောင့်နှေးပြီး ယာဉ်မောင်းနဲ့ တန်ဆာဂိတ် အဆင်ပြေရင်ပြီးတာပဲဆိုပြီး ခရီးသည်ရဲ့အချိန်ကို မထီလုပ်တာတွေ စသည်ဖြင့် ကိစ္စတွေကတော့ နားလည်မှုပဲလား?
နားလည်မှုနဲ့အလုပ်လုပ်ခြင်းခေါင်းစဉ်အောက်မှာ နားလည်မှုမရှိပဲနဲ့အလုပ်လုပ်နေတာကြတာတွေက ပိုပြီး တွေ့ရများနေလားတောင် သံသယဝင်မိပါသေးတယ်။ ဒါသည် ကိုယ်တွေရဲ့ ဗီဇထဲအထိ နစ်ဝင်နေတဲ့ အခွင့်အရေးလက်တစ်ဆုံးနှိုက်တတ်တာတွေ၊ အတ္တဆန်တာတွေ၊ အသိပညာခေါင်းပါးတာတွေကပဲ အရင်းခံလာကြတယ်ထင်ပါတယ်။ ဖော်ပြပါ အချက်တွေကလည်း တကယ်တမ်းကျတော့ သေးဖွဲတဲ့ကိစ္စတချို့ကိုပဲ ဥာဏ်မီသလောက် ခင်းပြတာပဲ ရှိသေးတာပါ။ ဒါကို အရင်းခံလို့ တိုက်ဆိုက်တွေးကြည့်မယ်ဆိုရင် နားလည်မှုကို နားလည်မှုလွဲနေတဲ့ သာဓကများစွာ တွေးမိကြမှာပါ။ အချုပ်အားဖြင့် နားလည်မှုကို နားလည်မှုလွဲနေကြတဲ့ ကျုပ်တို့လူများ ဘယ်သူမကောင်းဘူး၊ ဘယ်ဝါမကောင်းဘူး၊ ဘာကြောင့်မတိုးတတ်တာဆိုပြီး သူများနိုင်ငံ သူများလူမျိုးနဲ့ယှဉ်ကာ အိမ်ထဲမှာ ငုတ်တုတ်ထိုင်ပြီး ဝေဖန်နေမယ့်အစား ကိုယ့်ကိုကိုယ်မေးကြည့်ပါဦး ၊ ငါကကော သူများလူမျိုးတွေလို စိတ်ထားနဲ့စာရိတ္တထားနိုင်တဲ့ နိုင်ငံသားဖြစ်ပြီလားလို့၊ မဖြစ်သေးဘူးဆိုရင်တော့ သေချာပါတယ် ခင်ဗျားလိုလူမျိုးတွေချည်းနေတဲ့ ခင်ဗျားနိုင်ငံဆိုရင် ခင်ဗျားတိုးတက်အောင် လုပ်နိုင်မလားလို့။
သာမည ဖြည့်စွက်။ ။လေယာဉ်ဆင်းသက်ဖို့နီးပါပြီလို့ လေယာဉ်မှုးရဲ့ ကြေငြာသံကြောင့် ဆီးခုံတင်းပြီး သူ့ထက်ငါ အပြိုင် သေးပေါက်ပွဲဝင်ကြတာ ဘယ်လေကြောင်းခရီးစဉ်မှာပဲတွေ့ရလဲ သတိထားကြည့်ကြည့်။

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့