စိတ်ကူးလေးများခေါ်ရာ
ဟုတ်တယ် မြေနီလမ်းလေးပါတယ်။ မြေကျင့်ကျင့်နီလေးပေါ့။ မြေသားလမ်းဖြူးဖြူး ဖုန်လူးလူးလေးနဲ့ ကျောက်သားဖုလေးတွေ ဟိုနေရာငေါ ဒီနေရာဖုနဲ့။ မိုးသားမြေငွေ့လေးလူးလို့လားရယ်မသိ အမြင်မှာတော့ ပသာဒကောင်းတယ်၊ အရောင်ခပ်ရင့်ရင့်လေး။ တောရယ်တောင်ရယ်လို့ ထွေကာလီကာမရှိပါဘူး၊ လွန်ရောရှိလှ မြေမညီတဲ့ တောင်ပို့မြေမြင့်လေး နိမ့်လိုက်မြင့်လိုက်ရယ်သာပါပဲ။ ဒါပေမယ့် မြင်ကွင်းအဆုံးထိတော့ အပြည့်ဖြန့်ထားတယ်။ ကောင်းကင်ပြာရမယ်၊ နေဗီပြာမလား ဖက်ဖူးနည်းနည်းစိမ်းမလား၊ ဖဲပြာလား ရတယ်၊ ပြာနေရင်ပြီးရော။ တိမ်ညွှန့်တစ်ကွက်နှစ်ကွက်နဲ့ နေရောင်ပျပျရယ်ပေါ့။ အခင်းအကျင်းကတော့ ငုတ်တိုအရွယ်မြင့် ယာခင်းကွက် ရောင်စုံရှိမယ်။ ရောင်စုံဆိုတဲ့နေရာမှာတော့ အစိမ်းက အသာစီးယူတယ်ပေါ့။ ဘဲခေါင်းစိမ်း၊ သခွား၊ ကြက်ပေါက်ရောင်ပန်းခင်းနည်းနည်းနဲ့ဆို တော်တော်လေးပြည့်စုံပြီ။ မြေနီလမ်းနဲ့ နှုတ်ခမ်းမှာတော့ သစ်ဆွေးတိုင်လေးတွေ ကျို့တို့ကြဲတဲနဲ့ ဓါတ်အားတိုင်လေးတွေပေါ့၊ ကြေးဝါကြေးနီကြေးညိုကြိုးလေးတွေ တွဲဆက်လို့၊ လမ်းအတိုင်းလျှောက်နေတဲ့ ကောင်းကင်လမ်းလေးပါပဲ။ ရေစီးကမ်းနည်းနည်းပြိုနေတဲ့ လမ်းဘယ်စောင်းမှာတော့ ကျောက်သားပေါ်နေတဲ့ ကမ်းပါးရံ။ သူလည်း နီကျင့်ကျင့်တစ်ထပ် ဝါထေးထေးတစ်ပုံ အခြေမှာ ကျောက်ထုလွှာခံလို့လေ။ အသံဗလံအားဖြင့်ကတော့ တိတ်ဆိတ်ခြင်းနှင့် ပုရစ်ပုစင်းစုတ်သံ၊ ချိုးအို ကူသံတစ်ခါတစ်လေပါပဲ။ဒါလေးပဲ စိတ်ကူးထဲဝင်လာတဲ့ နေရာလေးကဒါလေးပဲ။ ထိုစိတ်ကူးလေးကို စာအိတ်ရဲ့ထောင့်မှာကပ်ထိုးထားပြီး ချောင်ထိုးထားပါဦးမယ်၊ တစ်ကွေ့တော့ ဆုံရကောင်းရဲ့။
Comments
Post a Comment