ဗန်ဒါ

 ပြောင်းဖူးကြက်ပေါင်ဖိနပ်ခုံပါး တစ်ဖက်ရယ် ဆင်ကြယ်မြေဝါရောင် ဖိနပ်တစ်ဖက်ရယ်ကို ကျွဲတစ်ဖက်နွားတစ်ဖက်စီး၊ ဗန်ဒါပင်ဖားဖားကြီးအောက်က မြေကတုတ်ပုမှာ ကြက်သားအုပ်မကြီးလို ခြေဗလာကို သုံးပြီး ယပ်၊ ထွက်လာတဲ့ ဗန်ဒါစေ့ခြောက်ကလေးတွေကို အုတ်ကျက်ခဲနီနဲ့ထု၊ အချိုဖြုံန်းအရသာရှိတဲ့ အစေ့တွေကို ပါးသပ်နာထွက်အောင် တစီစီဝါး၊ ဟိုကောင်တွေဟိုကောင်မတွေနဲ့ အံတကြိတ်ကြိတ် ဗန်ဒါစေ့လုယက်သတ်ပုတ်ပြီး တစ်ရက်တစ်ရက် ရွှေဝါတောင့်ဖိုး မနိုင်အောင် ညစ်ပတ်တာလည်း အခါခါ။ မုန့်ဖိုးပေးလည်း မတင်းတိမ်ဘူး ဒီဗန်ဒါစေ့ကိုလေ ၊ စားချင်တာ သွားရည်ယို၊ လေဝေ့တိုင်း ကြွေမလားဟဲ့လို့ မျှော်ရတာ အမော၊ "ဘုတ်"ခနဲ ကြွေသံလေးများ ကြားရင် ရောက်ရာအရပ်ကနေ ပြေးကောက်ရတာ ဟိုက်လို့။ အရွက်က ဆေးဖက်ဝင်တာတွေ ဘာတွေစိတ်မဝင်စားဘူး။ အသီး အဲ့ဒီအသီး။ တိတိကျကျပြောရရင် အစေ့။ ဟုတ်တယ် လက်သည်းတစ်ဆိတ်လောက်ရှိတဲ့ အစေ့အဆံလေးကို မက်တာ။ အပင်က ကိုင်းဆတ်လို့ ဗန်ဒါစေ့စားရင်း ကိုင်းပိသေမယ်လို့ အိမ်ကြီးသူတွေ ရွတ်ဖတ်ပူဇော်တာလည်း မနာဘူး။ မသေခဲ့ဘူး အိမ်ကသူတော်ကောင်းမကြီးတို့ရေ... ဖြစ်နိုင်ရင် ဒီနှုတ်ခမ်းမွှေးတစ်ဖားဖားနဲ့ အခုထက်ထိ ဟိုဟာတွေနဲ့ လုစားချင်နေတုန်းပါပဲ။ အခုတော့ လုစရာမလိုတော့ သိပ်အာသီသမရှိတော့ပါဘူးလေ။ တစ်ခါတစ်ခါ ကလေးဝိုင်းကလေးများ ကြားရင် မြင်ရင် အောက်မေ့နေရုံသာမှတစ်ပါး။ 

၂၃.၇.၂၀၂၂

#petethou

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့