ကျွန်တော်ရယ်၊ ဘီးပြုတ်ရယ်၊ ပဌာန်းရယ်
စိမ့်ခနဲ ချမ်းလောက်အောင် ကျောတစ်ပြင်လုံးမှစ၍ တက်လာတဲ့ ကြက်သီးမွှေးညှင်းက အချမ်းဓါတ်ဆိုတာထက်ပိုပါတယ်။ ဝန်ခံပါတယ် ကျွန်တော် ကြောက်နေခဲ့တာပါ။ ကြောက်တာထက်ပိုတဲ့ စကားလုံးများရှိရင် ဒီနေရာမှာ ထပ်တောင် ဖြည့်စွက်လိုက်ချင်ပါသေးတယ်။ ဟုတ်တယ်လေ သရဲတစ္တေဆိုတာ ငယ်ကတည်းက ကြောက်တတ်သော၊ အမှောင်ထုကို မရဲ ခဲ့ပါသော ကျွန်တော့်အတွက် ဒီတော ဒီတောင် ဒီရေမြေ၊ အို.... အခုရောက်နေတဲ့ ဥဩလှောင်ဗွေတို့၊ ကျားခေါင်းတို့ဆိုတာတွေက ရခိုင်ရိုးမရဲ့ အလယ်၊ ထူပေ့ဆိုတဲ့ တောနက်ရဲ့ ရင်ဝကို ရောက်နေပြီကော။ လင်းကတည်းက စားခဲ့တဲ့ မနက်စာ ဆင်ခရမ်းချဉ်သီးနှပ်နဲ့ သလေးကလည်း ဝမ်းရဲ့ဘယ်နားမှာ ကပ်နေမှန်းတောင် မသိတော့ပါဘူး။ မရှိဘယ်ခံနိုင်ပါ့မလဲလေ ပုသိမ်မုံရွာကားလမ်းမကြီးမေးတင်ပြီး လင်းကတည်းကစခဲ့တဲ့ ဒီတောလမ်ခရီးက ရသေ့တောင်အထိ ဖုန်လမ်းတလှည့် ကျောင်သားလမ်းတစ်လှည့်နဲ့ နှင်ခဲ့ရတာ။ များမကြာမီ ခင်ကြောတစ်လျှောက် တောလမ်းကြမ်းကို နှစ်ဘီးတပ်ဆိုင်ကယ် ဂင်တိုကို ဖင်ကြားညှပ်လို့ နှင်ပေဦးတော့ ဦးသချ်တဲ၊ ထိုကနေ တောလမ်းအတက်မှနေ တံခါးကျင်း၊ နောက်တော့ ချောင်းသာတဲစခန်းအထိဆိုတော့ မှောင်ရီပျိုးရော့။ ဆိုင်ကယ်အင်ဂျင်က ငယ်သံပါအောင် ညီးနေသော်လည်း လူမနားနိုင်ပေါင်၊ တာဝန်ဆိုတဲ့ဆိုတဲ့ ပညတ်တော်နဲ့ လက်မောင်းပေါ်ကပ်ထားတဲ့ ကြယ်နှစ်ပွင့်က တော်တော်လည်း လေးသကိုး။ နေပျပျကျန်သေးသ၍ သစ်တိုတစ်ချောင်းမှနေ၍ ရသမျှကုတ်ခဲလို့ သခိုးလက်အပါမခံမီ ဖမ်းရမယ့် ဒီသစ်ဖမ်းစစ်ကြောင်းမှာ အားသွန်ခွန်စိုက် ပါလာလိုက်တာ အခုဆို နစ်တောင် ချီနေပြီပဲ။ တံခါးကျင်း ချောင်းသာကနေ ညနေကြီး စောင်းကာမှ ခင်ဖြတ်၊ ကျောဖြတ်လိုက် ချောင်းဖြတ်လိုက်နဲ့ဆိုတဲ့ ခရီးက ငယ်ရွယ်သော ကိုယ့်အတွက်တောင် ချိနဲ့လှလေပြီ။ အဆိုးဆုံးကတော့ ချောင်းဖြတ်ရတာပါပဲ။ အပေါ်ရံမြေဆီလွှာကို ရေအားနဲ့ မိုးမျှောပြီး လှန်ပါများတော့ ဒီတောဒီတောင်ကြား စီးဆင်းတဲ့ချောင်းရဲ့ ကြမ်းပြင်ဟာ ကျောက်သားအတိပြီး ဖြစ်နေတော့တာပေါ့။ ချောင်းကျယ်တဲ့တချို့နေရာများဆို အရွယ်အစားအားဖြင့် သည်းသီးအလုံးသာသာ ကျောက်ခဲများမဟုတ်ပဲ ဖရဲသီးလုံးလောက်ရှိသော ကျောက်တုံးများက နေရာအနှံ။ မောင်းလိုက်ဦးတော့ ကျောက်ကြားထဲ တာယာကို ညှပ်ပြီး သုံးလေးနာရီ ခရီး။ နာရီပြန် ညနေ ၆နာရီလောက်မှ နောက်ဆုံးဖမ်းဆီးရမိတဲ့ သစ်ပုံကြီးအပြီး အပြန်တောလမ်းကိုမှန်းဆရင်း ကိုယ့်ဖင်အောက်က လျှာထွက်နေတဲ့ ဆိုင်ကယ်ကို ကြည့်ပြီး အစိုးရိမ်ကြီး စိုးရိမ်ခဲ့ပါတယ်။ “အုပ်ကြီး ဆိုင်ကယ်စီးတာ ကျွဲရိုင်းစီးသလိုပဲ တုံးတိုက်ဆန်လွန်းပါတယ်”တို့၊ “မန္တလေးသားများ ပီသလွန်းပါသလေး၊ ဆိုင်ကယ်များ စီးတာ ဝှီးဝှီးတက်လို့”တို့ဆိုတာတွေ၊ “တို့အုပ်ကြီးများ ဆိုင်ကယ်မောင်း ဘာကျွမ်းသလဲမေး၊ ရွာကအကောင်တွေသာဆို နေရာတွင် စင်းစင်းသေ”ဆိုတဲ့ စကားများကိုသာ အားပြုရင် ငါမောင်းရင် နင်ဘာခံနိုင်သလဲဆိုတဲ့ တလွဲမာနလေးတွေနဲ့ ကိုယ့်ကိုကိုယ် နှစ်သိမ့်မိပါရဲ့။ အပြန်ခရီးစတော့ ခရီးမှာပါသမျှ လူအားလုံး တစ်လုံးတစ်ခဲနဲ့ စခဲ့ကြတာပါ။ နောက်တော့ ချောင်းရဲ့ရေအားဒဏ်၊ ကျောက်သားဒဏ်ကြောင့် ဝန်ထမ်းတစ်ချို့ ဆိုင်ကယ်ပျက်သူကပျက်၊ လဲသူကလဲနဲ့ သူ့အဖော်ထား ကိုယ့်အဖော်ထားနဲ့ အစုစုအဖော်ကွဲပါလေရော။ ကိုယ်ကတော့ ဆိုင်ကယ် အာဇာနည်ပီပီ ဟန်ချက်မပျက် မောင်းလာရင်း နဂိုမြန်မြန်မောင်းနေကြလူဆိုတော့ ကိုယ့်အရှေ့က ဆိုင်ကယ်တစ်စီးရယ်သာ ပြပြမြင်ရတော့သာပဲ။ တောခရီးတစ်စနဲ့ တစ်စမောင်းနှင်ရင်း၊ နေရောင် တစ်စစကွယ်ရင်းက ညကြီး ၉နာရီခွဲ ၁၀နာရီ ဝန်းကျင်လောက်ရောက်တော့မှ ကိုယ့်အနားမှာ ဘယ်သူမှမကျန်တော့ပဲ အဖော်ကွဲစပြုလာတာကို သတိထားမိလာပါတော့တယ်။ ရှေ့က ဆိုင်ကယ်မီးရောင်ကိုလည်း မမြင်ရတော့ပဲ၊ အနောက်က ဆိုင်ကယ်သံများနဲ့ပါ ဝေးလာရာက အခုတော့ ခင်ကြောအတက်မှာ ဆိုလူရယ်ဆိုလို့ကိုယ်ရယ်၊ အမှောင်အတိခြုံထားတဲ့ တောနဲ့ချောင်းရေကျသံသာကျန်ပါတော့တယ်။ မိုက်လိုက်တဲ့ လ၊ ဒီညမှပဲ မိုက်လိုက်လေသလား၊ မိုးလေလည်းမရှိပါပဲ၊ ကြယ်ရောင်မဖွေးတော့ ကျွန်တော့်ရဲ့ ကြောက်စိတ်အငုံလေး ရုပ်လုံးပေါ်လာပါတော့တယ်။ ကျွန်တော်အားတင်းပြီး ဘီးကို လေးငါးခွေလောက်လှိမ့်ပြီးတဲ့ နောက်မှာတော့ ဆိုင်ကယ်မီးရောင်အောက်မှာ ဘွားခနဲမြင်လိုက်ရတာက စိမ်းတောင်အတက်ကြီး။ ဒီအတက်က တော်တော်လေးကြမ်းပါတယ်။ တောထဲမှာသွားလာနေသူအဖို့အတက်ကြီးကို ကျွန်တော်မကြောက်မိပေမယ့်၊ အဆင်းကိုတော့ ကျွန်တော်အတော်လေး စိတ်လေးပါတယ်။ စိမ်းတောင်မတက်ခင် ပထမဆုံး မိတ်ဆက်တာကတော့ ကျောက်ထုကြီးတဲ့ ချောင်းပါ။ တိတ်ဆိတ်ခြင်းအတိက ဆူညံသံထက်ပို ကြောက်ဖို့ကောင်းတာ ဒီနေရာမှာ ကျွန်တော်လက်ခံမိပါပြီ။ အခုတော့ နားထဲမှာ ဆိုင်ကယ်စက်သံ တစ်ဂီဂီကလွဲလို့ ချေဟောက်သံ၊ သမင်တောက်သံတောင် မကြားရတော့ပါဘူး။ ကြောက်တယ်၊ တိတ်ဆိတ်နေတာကြီးကို ကြောက်တယ်၊ ဒီအမှောင်ကြီးကို ကြောက်တယ်၊ တောကောင်တွေကို ကြောက်တယ်၊ အထူးသဖြင့် နာနာဘာဝဆိုတာတွေကိုပါ။ မတွေ့ဖူး မမြင်ဖူး မကြုံဖူးပေမယ့် ကျွန်တော် မွေးရာပါကိုကြောက်တာပါ။ ကျွန်တော့်ရဲ့ တင်းထားခဲ့တဲ့အားလေး စိမ်းတောင်ကြီးမတက်ခင်မှာပဲ ပုံခနဲ ကျသွားပါပြီ။ ခါးမှာထိုးထားတဲ့ တောဓါးမြှောင်က ဒီအချိန်မှာ အလေးတုံးသက်သက်သာဖြစ်ပြီး ကျွန်တော် အားမကိုးမိပါ။ ခလုတ်ထိမှအမိတတတ်တဲ့ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကိုသာ ရဲရဲကြီးချလိုက်ရပါတော့တယ်။ ဘုရား တရား ပါ။ သံဃာလည်း ဒီနေရာမှာ မကြွလာနိုင်တော့ဘူးမဟုတ်လား။ ဒီဆုံးဖြတ်ချက်နဲ့အတူ ကျွန်တော့် ဆိုင်ကယ်ကိုရပ်လိုက်တယ်၊ ဆိုင်ကယ်စက်သံကိုတော့မသတ်ပဲ ဒိုင်ခွက်မီးကို ချောင်းဘေးက ကျောက်ဖျာချပ်ကြီးအပေါ် လှမ်းထိုးထားလိုက်ပါတယ်။ ဆောင်းတွင်းရဲ့အချမ်းဒဏ်အောက်မှာ ယူနီဖောင်းကသာဝတ်ထားသော်လည်း ကျွန်တော် မချမ်းပဲ ချွေးသာဒီးဒီးကျနေပါတော့တယ်။ ကျောက်ဖျာပေါ်ကို အားတင်းလို့ လျှောက်တော့ ကျွန်တော့် ခြေသံတောင်ကျွန်တော်ကြောက်နေခဲ့ပါတယ်။ မျက်စိထဲမှာလည်း ဆိုင်ကယ်မီးထိုးထားတဲ့ကျောက်ဖျာရယ်၊ မှောင်မှောင်မဲမဲကြီးထဲ ကုန်းနေတဲ့ စိမ်းတောင်ကြီးရယ်ပဲ ရှိပါတယ်။ ကျွန်တော့်စိတ်အားကို တွေတွေတင်းရင်းနဲ့ ကျောက်ဖျာပေါ်ဖိနပ်ချွတ်တင်ပြင်ခွေထိုင်ချလိုက်ပြီးနောက်၊ ကျွန်တော့်စိတ်ငြိမ်အောင်အထိ အချိန်ခဏတန့်နေခဲ့လိုက်တယ်။ ထို့နောက် တိတ်ဆိတ်ခြင်းကိုခွင်းလိုက်တာကတော့ ကျွန်တော့်ပါးစပ်က ရွတ်ဖတ်လိုက်တဲ့ နတ်ပင့်နဲ့ မေတ္တာသုတ်၊ ပဌာန်းတရားတော်ပါပဲ။ ရွတ်တယ်၊ ရွတ်မယ် ကျွန်တော့်အတွက်ရော၊ ဒီတောဒီတောင်မှာ နေထိုင်ကြကုန်သော ရှိရှိသမျှ ကြားကြားသမျှအတွက်ရောပါ။ ဟုတ်တယ်လေ၊ ဒီလို ဗွေထဲဘယ်သူက လာပြီးတရားရေအေးတိုက်ခဲ့ပါမလဲ၊ တိုက်ခဲ့စေဦးတော့ အခုလို နတ်မြူးချိန် သန်းခေါင်းမှာ ဘယ်သူလာရွတ်ဖူးပါအံ့။ ကျွန်တော်ကတော့ သက်န်းမခြုံပဲ ယူနီဖောင်းခြုံတဲ့ ဘုန်းကြီးတစ်ပါးနဲ့သာ တူနေလေရဲ့။ တရားနာပရိတ်သတ်ကဘယ်သူလဲ ဖိတ်တော့ဖိတ်ထားပါတယ်၊ ဒါပေမယ့် မသိလည်းမသိဘူး၊ မြင်လည်းမမြင်ဘူး၊ သိလည်းမသိချင်ဘူး၊ မြင်လည်းမမြင်ချင်ဘူး၊ ကြားကြားသမျှပဲပေါ့။ ဟုတ်တယ် ကြားကြားသမျှပဲ။ ဒါပဲ။ ပဌာန်းအလည်လောက်ရောက်တော့ ကျွန်တော့်စိတ်ကစဉ့်ကလျားလေး ငြိမ်စပြုလာတယ်၊ ပဌာန်းလည်းတစ်ခေါက်ပြီးရော ကျွန်တော့်စိတ် ပကတိတည်ငြိမ်သွားခဲ့ပါတယ်။ သိုသော်ပဌာန်းတစ်ခေါက်ပြီးသည်အထိ အနောက်ကအဖွဲ့ တစ်ဖွဲ့တစ်လေရဲ့ အသံမကြားသေးပါဘူး။ ကျွန်တော် ဒုတိယံမိ မေတ္တာသုတ်နဲ့ ပဌာန်းတစ်ကြော့ထပ်ရွတ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရွတ်ဖတ်သံကလည်း တည်ငြိမ်နေခဲ့ပါပြီ။ ကြောက်စိတ်ဆိုတာလည်း အတန်သင့် လျော့သွားပါပြီ။ ကျွန်တော့်နဲ့ နှစ်ကြိမ်မြှောက် ရွတ်ဖတ်ပြီးမှာတော့ ကျွန်တော် အမျှပေးနတ်ပို့ပြီး ကျွန်တော့်အပြန်ခရီးစပြန်တယ်။ အမှောင်ထု တစ်ခုပြီးတစ်ခုဝင်လိုက်တယ်၊ ခင်တွေပတ်တယ်၊ ကျောတတ်တယ်၊ ချောင်းဖြတ်တယ်။ ကျွန်တော့်နှုတ်မှာတော့ မေတ္တာသုတ်ကို မပြတ်လက်ကိုင်ထားရွတ်လာခဲ့ပါတယ်။ စခန်းအနီး ချောင်းနှစ်ခုမြှောက်ရောက်တော့ ကျွန်တော့်ဆိုင်ကယ်လေး ပလပ်ထဲရေဝင်သွားတယ် ထင်ပါရဲ့၊ စက်က နေရာတွင် ထိုးရပ်သွားတော့တယ်။ စိတ်ကိုပြင်တယ်၊ ဆိုင်ကယ်ခြေနှင်းတံကိုသာ ဖနှောင့်နဲ့နာနာပေါက်၊ စက်နှိုးဖို့ ကြိးစားရင်းမေတ္တာသုတ်ကို ထပ်ထပ်ခါခါရွတ်နေပါတော့တယ်။ မကြာခင်မှာပဲ မီးခိုးသံဖွတ်ချပ်နဲ့အတူ ဆိုင်ကယ်လေး ပြန်အသက်ဝင်လာပါတော့တယ်။ ဆိုင်ကယ်ကို ခွကာမှ လက်ကိုင်ကို ကြည့်မိတော့ ဆိုင်ကယ်အရှေ့ဘီးက ဖရဲသီးလောက်ရှိတဲ့ ကျောက်ကြားထဲညှပ်နေပြီး၊ လက်ကိုင်ကြီးက တာယာနဲ့ဆန့်ကျင်ဘက်ကို လိမ်လို့၊ အမြင်အားဖြင့် ကြက်ကြီးလည်လိမ်ဖြစ်နေပါတော့တယ်။ မဆိုင်းမတွပဲ ဆိုင်ကယ်အရှေ့ ပြေးတဲ့ပြီး ဆိုင်ကယ် တာယာပါးကို ကျောက်ကြားထဲကထုတ်၊ နောက်တော့ ဒူးနဲ့တာယာကို ညှပ်ကာ ဆိုင်ကယ်လက်ကိုင်ကို လက်မောင်အားနှင့်သာ ဖျစ်ပြီး တည့်ပါတော့တယ်။ လက်ကိုင်တည့်မှသာ နောက်ခင်နှစ်ကြောဖြတ်ပြီး၊ ချောင်းသာတောစခန်းကို နီးလာပါတော့တယ်။ နောက်ဆုံးချောင်းထဲရောက်တော့ မူလကလိုပဲ ဆိုင်ကယ်လည်လိမ်ခြင်းက ချောင်းထဲက ကျောက်တုံးဒဏ်ကြောင့် ပြန်လိမ်ပါတော့တယ်။ ကျွန်တော်လည်း မူလကအတက်ပညာနဲ့ပဲ တည့်လိုက်ပါတော့တယ်။ အောက်ပေါင်းထူပြီး ဝါးခုတ်ရခက်မည်ဖြစ်သောကြောင့် ညအချိန်မှာရှို့လေ့ရှိတဲ့ ဝါးခုတ်သားတွေရဲ့ တို့မီးတွေကို ခင်ဖြတ်ပြီးနောက်မှာတော့ ဘွားခနဲမြင်လိုက်ရပါတော့တယ်။ တစ်တောင်ပုလေးမှာတော့ တို့မီးဖွဲဖွဲနဲ့ ကျွန်တော့်ဆိုင်ကယ်လေး မီးတောထဲတိုးခဲ့ရတယ်။ မီးအပူနဲ့ မီးခိုးဟပ်တာကိုဒဏ်ခံပြီး နာရီနှစ်ပတ်နီးပါး ခရီးနှင်ပြီး နောက်မှာတော့ ကျွန်တော် ချောင်းသာတဲစခန်းလေးက အောက်မီးလင်းလေး နစ်လုံးသုံးလုံးကို ကမ်းပါးရံကနေမြင်လိုက်ပါတော့တယ်။ အားရှိသွားပြီ အားပြည့်သွားပြီ၊ ဒီတောင်ကိုလည်း မောင်ကျော်နိုင်တော့မည်လေ။ ဆိုင်ကယ်ကို ဝမ်းသာအားရ အဆင်းအတိုင်း အရှိန်နဲ့မျောချလိုက်ကာမှ မြေသားချိုင့်အကြီးကြီးတစ်ခုရှိတာကို ကျွန်တော်မေ့သွားပါတော့တယ်။ လေထဲမြှောက်သွာတဲ့ဆိုင်ကယ်နဲ့ အတူ တို့မီးတွေဖွေးဖွေးအောက်မှာတော့ ကျွန်တော်ဟာ တစ်ယောက်တည်းဂန္တဝင်ဆန်စွာ စွန့်စားခန်းထဲက ရိုက်ကွက်တစ်ခုလို ပုံတူနေပါတော့တယ်။ ဆိုင်ကယ်ဟန်ချက်ပျက်သွားတာကလွဲလို့ ဆိုက်ကယ်မလဲသွားပဲ ချိင့်ကို ကျော်ပြီးနောက်မှာတော့ ညကြီးနက်နက်မှာပဲချောင်သာစခန်းကို ရောက်ပါတော့တယ်။ “ဟင် ဘုရားရေ အုပ်ကြီးတစ်ယောက်တည်းပါလား၊ အခြားသူတွေလည်းမပါပဲ ဘယ်လိုပြန်ခဲ့သတုန်းဆိုတဲ့”ကျွန်တော့်ဝန်ထမ်းရဲ့ အမေးကကို ကျောပေးပြီးသာ မန်ဒါပေါ်ခေါင်းချအိပ်လိုက်တော့တယ်။
“အုပ်ကြီးရေ၊………. အုပ်ကြီး၊……….. ဘုရားဘုရား……… မသေကောင်းမပျောက်ကောင်း၊ အုတ်ကြီးညက ဒီဆိုက်ကယ်နဲ့တောဖြတ်ခဲ့တာ သေချာရဲ့လား”။ အောက်ထပ်က ဝန်ထမ်းတွေရဲ့အမေးကြောင့် ကျွန်တော်နိုးလာခဲ့ပါတယ်။ ဟုတ်ပါရဲ့ မိုးကြီးတောင် လင်းအားကြီးနေပြီပဲ။ မနက်စာစားဖို့ အောက်ထပ်ရောက်တော့ ကျွန်တော့်ဝန်ထမ်းတချို့ ကျွန်တော့်ကို မျောက်ပွဲကြည့်သလို ဝိုင်းကြည့်နေတာတွေ့တော့ ကျွန်တော်နည်းနည်းတော့ ကြောင်သွားပါသေးတယ်။ “ကဲ…. ပြန်ကြမယ်လေ၊ မပြင်ကြသေးဘူးလား”လို့ ကျွန်တော်မေးတော့မှ ဝန်ထမ်းတစ်ဦးရောက်လာပြီး ကျွန်တော့်ရဲ့ဆိုင်ကယ်ကို လိုက်ကြည့်ဖို့ ခေါ်ပါတော့တယ်။ အပြင်ကဝန်ထမ်းတွေကို ဝိုင်းအုံကြည့်နေတဲ့ အလည်မှာတော့ ကျွန်တော့်ဆိုင်ကယ် အရှေ့ဘီးဝန်ရိုးမဏ္ိုကြီးကျွတ်ပြီး အရှေ့ဘီးက စွပ်တဲထားရာက ကျွတ်ထွက်လာပါတော့တယ်။ “ဒီအကျွတ်ကြီးနဲ့ ဒီဘီးနဲ့ကတော့ ဒီတောလမ်းမပြောနဲ့ မြေညီတောင် နှစ်လှိမ့်သုံးလှိမ့်အပြင်ပိုလှိမ့်လို့မရဘူး၊ အုပ်ကြီး…… အဲ့ဒါကြီးနဲ့ ဘယ်လိုများ……….? ကံများကြီးချက်ပါအုပ်ကြီးရယ်…. အံဩကုန်နိုင်ဖွယ်”။
အခုတော့ သစ်သည်ကားစုတ်ကြီးအပေါ်မှာ၊ ကျွန်တော်ရယ်၊ ဖမ်းဆီးသစ်တွေရယ်၊ ဆိုင်ကယ်အရှေ့ဘီးအပြုတ်ကြီးရယ်သာ တောလမ်းအပြန်ကို အိပဲ့အိပဲ့လိုက်လာရင်း၊ မနေ့ညက ပဌာန်းအကျိုးကို ပီတိအပြည့်နဲ့သာ ကြည်ညိုနေပါတော့တယ်။
18.8.2022
Comments
Post a Comment