ရေပုံးနီနီ
တစ်ခါက နှစ်ခါခေါ်ရပြီဆိုရင် ဝက်လိုခေါင်းမာလွန်းတဲ့ ငါဆိုတဲ့ဟာက တွန်းတွန်းတိုက်တိုက်မပြောတော့ဘူးနော၊ တွေ့တာနဲ့ ကောက်ထုချလိုက်ချင်တာ ဘယ်နေရာထိထိ။ ကြက်ခေါင်းဆိတ်ထိမခံလို့ အမေပြောလည်းမရ အဖေပြောလည်းမနိုင်။ သင်းကမှ ငါ့ကို အကဲစမ်းပြီး ပေကပ်ကပ်လုပ်နေတယ်။ ဟောကြည့်လေ။ ပြောရင်းဆိုရင်း ဝါးပိတ်အဖျားကို သံရိုက်တံပြားသွပ်ထားတဲ့ဂေါက်တံနဲ့ ကော်ဂေါက်သီးလုံးကို သူက ဆတ်ခနဲ ရိုက်ချလိုက်တယ်။ ဟို လက်နှစ်ဖျံလောက်က ကျွဲရိုင်းဘူးခွံမြေနှစ်ထားတဲ့ ကျင်းထဲကို မဝင့် ဝင်အောင် အချက်ပေါင်းများစွာ သူရိုက်ပြီးထည့်မယ်လေ။ နာရီ တစ်ချက်ထိုးလောက် ကတည်းက ဆော့လိုက်တဲ့ ဒီဂေါက်သီး။ ဖင်မပူ ခေါင်းမပူ နေကြပ်ကြပ်ဆူနေတဲ့ အောက်မှာ။ အလိုက်သင့်လို့ သူ့အကြိုက် မနက်ကတည်းက လိုက်ဆော့ပေးပြီးသားပဲလေ။ အခုက ကျုပ်အလှည့်။ ဟုတ်တယ် ကျုပ်စကားကို အားနာလို့နားထောင်ပြီး ကျုပ်ပြောတာကို သင်းဆော့ကို ဆော့ရမယ်။ ရင်ချင်းပူးနေတဲ့ သူတို့ကျုပ်တို့ရဲ့ နှစ်အိမ့်တစ်အိမ်ရှေ့မှာ ခရုစာတွေ ဖွေးဖွေးတက်အောင် ထွက်နေပြီလေ။ မနေ့ညက မိုးကြောင့် ရွှံ့ပျော့နေတဲ့အရှိနနဲ့ဆို အခုချိန်လောက် ရွှံ့လုံးလို့ကောင်းတာ ဘယ်အချိန်ရှိဦးမှာလဲ။ ခရုစာကောက် ရွှံ့လုံး၊ ဟော ပြီးတော့ ပျဉ်းတော်သိမ်အသီးနီနီလေးတွေနဲ့ ကပ်။ ကဲ ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။ ဒါကို ဆော့ဖို့ခေါ်နေတာကို သင်းက ပေကပ်ကပ်နဲ့။
ကျွန်တော် ဘေးမှာ ဆော့ချင်တဲ့ ဇောကစောတိုက်နေတာကို ငထူးတစ်ယောက်က မမှုပဲ ဂေါက်တံတစ်ချောင်းနဲ့သာ အဖော်ရနေခဲ့ပါတယ်။ ချစ်လို့မုန်းလို့မဟုတ်ပဲ ရွေးစရာအဖော်ရယ်မရှိလို့ရယ်သာ ဆော့နေရတဲ့ ငထူးကို ကျုပ်က ခပ်ယို့ယို့ပဲ ဖြစ်ဖြစ် မခံချင်စိတ်ကလေးတော့ရှိ၏။ ရပ်ကွက်ထိပ်မှာ ငါးသည်လာရောင်းတဲ့ ဟိုနေ့ကပဲ ကြည့်လေ။ မအေနှစ်ယောက် ငါးသည်နဲ့ ဖင်တစ်ပြန်ခေါင်းတစ်ပြန် ဈေးစစ်နေတုန်း သင်းက ကျုပ်အမေအရိပ်ကို ဖော့ဖိနပ်နဲ့ ချေပြနေတာ မြေကိုပြောင်လို့။ ဒါမျိုးကို ကျုပ်က ဘယ်တုန်းကများ အညံခံရိုးထုံးစံရှိခဲ့လို့လဲ။ သူ့အမေ ဆောင့်ကြောင့်ထိုင်နေတဲ့အနောက်ကို လွှားခနဲ ရောက်တဲ့ပြီး ငယ်ထိပ်ရှိပါတဲ့ဆိုတဲ့ နေရာကိုမှ ရွေးပြီး ဖနောင့်နဲ့ချည်း ပေါက်ပစ်လိုက်တာ ဖုန်ကိုထရော။ သူကလည်း ချေ ကိုယ်ကလည်းပေါက်နဲ့ ဖုန်ထလွန်းမက ထတော့မှ အမေ့ရဲ့ ဒံဇလုံခေါက်ချက်ကြောင့် ခေါင်းပူမှသာ ရပ်လိုက်ရတော့တာ။ မရဘူး သေးသေးလည်းအတင်မခံဘူး၊ ကြီးကြီးလည်း အတင်မခံဘူး။ အစံမခတ်ဘူးနော်၊ လုံးကြီးတင်ထက် ကြီးတာရှိသေးရင်တောင် ထပ်တင်ချင်လိုက်သေးတဲ့အမျိုး။ ဒါပေမယ့် အခုဂေါက်ရိုက်တာကို ရွံ့လုံးတာလောက် စိတ်မဝင်စားတဲ့ သင်းကိုတော့ ကျုပ်က အညံ့ခံရတော့မယ်ပေါ့။ ကိုယ့်ဒေါသအပူကို နွေရဲ့အပူက ထပ်လောင်းအားဖြည့်ပေးနေလေရဲ့။ ပူလိုက်တာ ရင်ထဲမှာရော ခေါင်းထဲမှာရော။ သူကတော့ ကော်ဂေါက်သီးကိုသာ တစ်ထောက်ထောက် မြည်အောင် ရိုက်နေလေရဲ့။ ကျုပ်မခံချင်မှန်းသိလို့ ဂေါက်ရိုက်ရင်းနဲ့ ကြိုကြားကြိုကြား လျှာကို ပြူတစ်ပြူတစ် ထုတ်ပြနေသေးတာ။ သူတို့ အုပ်ကတက်မှာ ထိုင်နေရင်း ဘေးဘီတစ်ချက်အဝှေ့ ဟော.. တွေ့ပါပြီ ပလတ်စတစ်ပုံးအနီကြီး။ ဒါ အသစ်ပဲ။ ဒါကြီးကို ရေလှောင်ပြီး အိမ်အနောက်က မန်ကျည်းပင်ရိပ်အောက်မှာ ပစ်ထားလိုက်ရင် နွေပူပူမှာ ရေအေးအေးချိုးရမယ့်အရေးလေ။ ပေါက်လေတဲ့နှဖူး မထူးတော့မှတော့ ကြွက်မနိုင် ကျည်မီးနဲ့ရှို့ရမယ်မဟုတ်လား။ အကုသိုလ်က အလေးပေးနေလေရော့သလား ဘေးမှာ အရံသင့် သံချောင်းတိုလေးတစ်ချောင်းကလည်း လက်ယက်ခေါ်နေသလို။ ကျုပ်လည်း သံချောင်းကို လက်ငါးချောင်းနဲ့မြဲနေအောင်စုတ်တဲ့ပြီး ပုံးဖင်ကို စပြီး ဖောက်တော့တာပဲ။ ရိုက်လိုက်စမ်း သင်း.... ဂေါက်သီးဆိုတဲ့အရာကို၊ ဟောဒီမှာ အားပြင်းပြင်းနဲ့ သင်းမသိအောင် သံချောင်းနဲ့ ထိုးခြစ်ဖောက်တော့တာပဲ။ ထောက်ခနဲ ဂေါက်သီးအားနဲ့အတူ ကျုပ်လက်တွေကလည်း အရှိန်ပြင်းပြင်းနဲ့ကို ခြစ်နေခဲ့လိုက်တယ်။ ရိုက်လိုက်ဦးတော့ ငထူးရေ။ ကိုယ့် အကုသိုလ်နဲ့သာ ကိုယ်ဖုံးပြီး သူဂေါက်ရိုက်တာကို သံချောင်းတစ်ချောင်နဲ့ အားရပါးရ အားပေးနေခဲ့လိုက်တယ်။ ထိုနေ့က ဒီလိုနဲ့တစ်ရက်သာကုန်တယ် ကျုပ်လည်း ရွံ့မလုံးလိုက်ရပါဘူး။ သို့သော်လည်း ကျေနပ်မှုအပြည့်နဲ့သာ အိပ်ပစ်လိုက်တယ်လေ။
"ဟဲ့အလတ်ကောင် ထဟဲ့ စစ်ကိုင်းတောင်ကို တော်ပဲလိုက်ချင်လွန်းလှပါချည်ရဲ့ဆို".. အမေ့ရဲ့ နှိုးသံကြောင့် ဖင်ပွတ်ခေါင်းပွတ်ထလိုက်တယ်။ ဟုတ်ပါရဲ့ ဒီနေ့စစ်ကိုင်းတောင်ကို ကျုပ်တို့မိသားစုလိုက် ဘုရားဖူးထွက်ကြမှာပဲ။ အပျော်တွေနဲ့ အိမ်အောက်အရောက်မှ သတိရတယ်၊ ဟွန်း..... ဒီနေ့ ရေအေးအေးကိုချိုးရပေဦးမယ် မဟုတ်လား။ ဟိုအကောင်တော့ ချိုးနေလိုက်ဦး နွေပူပူမှာ ရေပူပူနဲ့။ သွားတိုက်တံကို ပါးစောင်ကပ်တဲ့ပြီး ချိုးရေရှာတော့ မတွေ့ပါလား။ အိမ်အနောက်မှာ မန်ကျည်းပင်အောက်မှာ ဘယ်မလဲ ညစိမ့်ရေ။ "အမေတို့ကလည်းဗျာ.. ရေအေးချိုးချင်ပါတယ်ဆိုမှ.. သားဖို့ဘယ်မလဲရေက"..ကျုပ်လည်း မီးဖိုထဲက အမေ့ကို လှမ်းအော်ပြောတော့မှ အမေက"...အဲ ဟုတ်ပါရဲ့... သားကြီးရေ နင့်ညီချိုးဖို့ရေလှောင်ထားတာ ပုံးအနီကြီး ဟိုဘက်အိမ်ဘက်မှာ သွားယူစမ်း... မနေ့က မိချိုတို့ ခဏငှားသွားတာ ရေလှောင်ထားပြီး မနက်ကျ ပြန်လာယူတဲ့"။ ကျွန်တော်မှာ ရေပူရေအေးကို မတွေးရဲတော့ပဲ ပါးစပ်ထဲက သွားတိုက်တံကိုသာ အားနဲ့ကိုက်နေခဲ့မိတော့သည်။ စစ်ကိုင်းတောင်ကို ရေပူချိုးပြီး လိုက်လာခဲ့ရတဲ့ကျုပ် ဘုရားပေါ်ရောက်ရင် ဘယ်ဆုတောင်းဖို့ဆိုတာထက် ဘယ်အပြစ်ကို ဝန်ချရမလဲကိုသာ တစ်လမ်းလုံးစဉ်းစား၍ လိုက်လာခဲ့ပါသည်။ အိမ်အပေါက်မှာတော့ ငထူးတစ်ယောက် ဒီနေ့လည်း ဂေါက်သီးရိုက်ပြီး ကျန်ခဲ့လေရဲ့။
၃၀.၇.၂၀၂၂
#petethou
Comments
Post a Comment