လူဆိုး

ကျွန်မ တလောက ကိုကိုတို့အိမ်ကို ရောက်ဖြစ်သေးတယ်။ ပုံမှန်အားဖြင့်တော့ ကျွန်မ သွားလေ့သွားထ မရှိပါဘူး။ ကိုကိုလူဆိုးကြီးအကြောင်းကို ကျွန်မယောက်မက ဖောင်ဖွဲ့ပြီး တိုင်ဦးမယ်မဟုတ်လား။ ဒါတွေကို ကျွန်မမကြားချင်တာက တစ်ကြောင်း၊ ကျွန်မယောက်မရဲ့ အပြောအဆိုကြမ်းတမ်းတာကတစ်ကြောင်းကြောင့် ကျွန်မ ကိုက်ိုတို့အိမ်ဘက် ခြေဦးမလှည့်ဖြစ်ခဲ့ပါဘူး။ အခုလည်း ကျွန်မ အလုပ်ကိစ္စနဲ့ကိုကိုတို့အိမ်အနားရောက်ပြီးမှ မဝင်ဘဲ လှည့်ပြန်ခဲ့ရင် ကျွန်မ ဘယ်ကောင်းတော့ပါ့မလဲဆိုတဲ့ အတွေးကြောင့်သာ ကိုကိုတို့အိမ်ကို ဝင်ဖြစ်ခဲ့တယ်။ ကျွန်မရောက်တော့ ကိုကိုရော ကျွန်မယောက်မ ငုဝါလင်းရော ရှိကြပါတယ်။ ကျွန်မကို မြင်တော့ ငုဝါလင်းတစ်ယောက် ကပိုကရိုနဲ့ အိပ်ယာထဲမှ ထွက်လာပြီး အားရပါးရ ကြိုပါတယ်။ သေချာပါတယ်၊ သူ့မှာ ကိုကိုလူဆိုးကြီးအကြောင်းတိုင်စရာရှိဦးမယ်ဆိုတာ။ တိုင်လို့သာ တိုင်တာပါ၊ တကယ်တမ်းကျတော့ ကိုကိုလူဆိုးကြီးက သူ့ကိုကြိုက်လွန်းလို့ အိမ်ကိုတောင် ဝင်ချည်ထွက်ချည်ရှိခဲ့တဲ့၊ ကျွန်မတို့အိမ်သားတွေနဲ့ပါ ပရောပရည်ရှိခဲ့တဲ့ တက္ကသိုလ်ဘွဲ့ရ အေးမြမောင်ကိုတောင် အိမ်က မေမေတို့စီစဉ်တဲ့ကြားက အတင်းငြင်းပြီး အလင်းမှ အလင်းဆိုပြီး တလင်းထဲလင်းပြီး ယူထားတဲ့ ကိုကိုပါ။ ကိုကိုတို့အိမ်က ခပ်ကျဉ်းကျဉ်းပါ။ အခန်းလေးခန်းဖွဲ့ ထားပြီး ဧည့်ခန်းအကျယ်ကြီးရယ်၊ မီးဖိုချောင်ရယ်၊ ကိုကိုတို့လင်မယားနှစ်ယောက်ရဲ့အိပ်ခန်းရယ် အခန်းလွတ်တစ်ခန်းပါတဲ့ တိုက်ပုလေးပါ။ ကျွန်မရောက်တော့ ကိုကိုက ဘယ်လာတာလဲ၊ မသေသေးဘူးလားဆိုပြီး ရိတိယားတားပြောရုံသာပြောပြီး အရှေ့ဘက်အခန်းလွတ်ထဲမှာ သွားခွေနေပါတယ်။ အလင်းကတော့ ထုံးစံအတိုင်း ကျွန်မကို လက်ကုတ်ခေါ်ရင်း ကပ်လျက်က ကိုကိုတို့အိပ်ခန်းထဲ ခေါ်သွားပါတယ်။ အလင်းက “ငါ့ယောက်မလာမှ ပြောရဦးမယ်အေ၊ ငါက ညည်းအကိုကို ဆိုးရုံပဲထင်ထားတာ၊ ရူးပါရူးနေသလားမသိပါဘူးအေ”လို့ စကားစတယ်။ ကျွန်မတော့ အလင်းဘာပြောပြော တစ်ဖက်နားကထွက်မယ်လို့ ကြံထားပြီးသားဖြစ်တဲ့အတွက် အလိုက်သင့်ပဲ “ဆိုပါဦး ဘာဖြစ်လို့”ဆိုပြီး တုံးတိတိမေးလိုက်တယ်။ “ငါ့ကို ဟိုပြီးခဲ့တဲ့ ညကဟယ်၊ ဘာမပြောညာမပြောနဲ့ ငါနဲ့သူအတူရှိနေတုန်း အလင်းရေ ကို့ကို ပါးရိုက်ပေးစမ်းပါ”တဲ့လေ၊ “ငါက သာမာန်အားဖြင့်တောင် ဆိုးလွန်းလို့ရိုက်ချင်နေတာမှန်ပေမယ့်၊ အခုဟာကြီးက ဘာအကြောင်းမှလည်း ဂဃနဏမရှိ”။ ကျွန်မလည်း အံ့ဩချင်ယောင်‌ဆောင်ရင်း “အဲ့ဒီ‌တော့ အလင်းက ရိုက်လိုက်ရောလား”ဆိုတော့ အလင်းက “ငါလည်း မေးပါသေးတယ် ဘာလို့လဲဆိုတော့ မပြောဘူးလေ၊ ငါလည်း အထပ်ထပ်မေးရင်း မေးမရတဲ့အဆုံးတော့ ဖြန်းခနဲ့မြည်အောင်ရိုက်ပေးလိုက်တယ်လေ”။ ထင်ပါတယ်၊ ကျွန်မ မအံ့ဩပါဘူး၊ နှစ်ယောက်စလုံးက အတူတူနဲ့အနူနူပဲဥစ္စာ။ ဒါပေမယ့် အလင်းပြောသလိုသာ အမှန်ဆို ကိုကိုက ဘာအရူးထတာလဲ ကျွန်မလည်း နည်းနည်းတော့ သိချင်မိတာအမှန်ပါ။ ဒီလိုနဲ့ပဲ အလင်းရဲ့ ကိုကို့ကိစ္စမကောင်းကြောင်း၊ သူ့ရဲ့အလုပ်ကိစ္စတွေအဆင်မပြေတဲ့အကြောင်း ကျွန်မ နားနဲ့မဆံ့အောင် နားထောင်ပေးနေတုန်း၊ အခန်းတံခါးအပေါ် မျက်နှာကျက်ကနေ မြွေတစ်ကောင် ဘုတ်ခနဲပုံလျက်သား ပြုတ်ကျလာပါတော့တယ်။ ဒါကို မြင်တဲ့ အလင်းလည်း စကားကောင်းနေတဲ့ကြားက အာခေါင်သံကြီးနဲ့ အော်ပါတော့တယ်။ အလင်းအသံကြားကြားချင်း တစ်ဖက်အခန်းက ကိုကိုက လွှားခနဲအခန်းထဲကို ပြေးဝင်လာတော့ စောနက ပြုတ်ကျပြီး မသွားနိုင်သေးတဲ့မြွေကို နင်းမိပါတော့တယ်။ မြွေလည်း အကို့ခြေသလုံးကို အစွယ်နဲ့ခြစ်မိရင်းက ကိုကိုသည် အမြီးက ကိုင်တဲ့ပြီး အိမ်အပြင်ကို ပြေးယူသွားပါတော့တယ်။ မြင်ကွင်းကို အစအဆုံးမြင်နေတဲ့ အလင်းက ကိုကို အခန်းထဲပြန်အလာကို‌တောင်မစောင့်တော့ပဲ အနောက်နေ လိုက်သွားပြီး အိမ်ထဲပြန်ဝင်လာတဲ့ကိုကို့ကို ထုလား‌ထောင်းလားနဲ့ရိုက်ပါတော့တယ်။ ပါးစပ်ကလည်း “နင့်သောက်ဦးနှောက်က အဲ့သ‌လောက်ပဲ ပါလားဟဲ့ ကိုထိန်ဦးရဲ့၊ မြွေဟဲ့ မြွေ မြွေ နင့်ပထွေးများမှတ်နေလား”။ ကျွန်မလည်း အလင်းကို လိုက်ဆွဲဖို့ ဧည့်ခန်းထဲလိုက်လာပါတော့တယ်။ ကိုကိုကလည်း “မြွေဆိုပြီး ခွအော်တာ ဘယ်ကောင်မတုန်း၊ ငါ့ကို သောက်ပြစ်လာပြောမနေနဲ့”ဆိုပြီးခွန်းတုံပြန်တော့ အလင်းဒေါသကို ဆွပေးသလို ဖြစ်နေပါတော့တယ်။ “အခန်းထဲကို မမေးမမြန်းပဲ တွန်းဝင်လာတော့ နင့်ပထွေးက နင့်ကို အခုကိုက်ခဲ့ပြီမဟုတ်လား၊ သေမယ့်အကောင်”လို့ အလင်းက ဆဲရင်း ကိုကိုကလည်း “မြွေကြောင့်မသေဘူးဟေ့ နင့်သောက်ပါးစပ်ကြောင့်သေမှာ၊ ဘယ့်နှယ် အသံကြားလို့လည်း လိုက်လာရသေး သောက်ပြစ်က ပြောခံရသေးတယ်”ဆိုပြီး တစ်ယောက်တစ်ခွန်းဖြစ်နေတဲ့ရန်ပွဲကို ကျွန်မဆွဲဖို့မလိုဘူးဆိုတာ သေချာသွားပါပြီ။ ကျွန်မက ကိုကိုတို့အပြိုင်စိုးရိမ်နေကြတဲ့ ချစ်ရန်ပွဲကိုကြည့်ရင်း ကြားထဲက အနင်းခံလိုက်ရတဲ့ အဆိပ်မရှိတဲ့ မြွေစိမ်းကလေးကိုသာ သနားမိပါတော့တယ်။

မေမေရဲ့လက်ရာ မုန့်သာကူကျိုကို ကျွန်မစားဖို့ မီးဖိုချောင်ထဲရောက်တော့ အိမ်က အငယ်ကောင်က ရောက်နှင့်နေပြီးလေ။ အိမ်‌ရှေ့ဧည့်ခန်းထဲမှာ မေမေ ဘုန်းကြီးဆွမ်းကပ်နေတုန်း သူအနောက်မှာလာပြီး ခိုးစားဖို့ကြံနေတာဖြစ်ပါလိမ့်မယ်။ ကျွန်မလည်း ဘုန်းကြီးမကပ်မီ သင်းလေး မစားမိအောင်တားဖို့ သွားတော့ ကျွန်မနောက်ကျသွားပါပြီ။ ငနာလေးက ယောက်ချိုနဲ့ခပ်ပြီးကို အားရပါရပါးစပ်ထဲသွပ်လိုက်ပြီလေ။ ဒီလိုစည်းကမ်းမရှိတာကို မကြိုက်လွန်းတဲ့ကျွန်မလည်း အငယ်ကောင့် ခေါင်းလုံးလုံးကို ဒေါက်ခနဲမြည်အောင် ခေါက်ချလိုက်တယ်။ ပူထူပြီးလန့်သွားတဲ့အငယ်ကောင် ခေါင်းကို ပွတ်ရင်းကျွန်မကို မော့ကြည့်ပြီးတော့မှ ကျွန်မမှန်းသူသိတော့ “ဟွန်း...... မမကြီးနော်၊ နာတယ်ဗျ၊ မမကြီးမို့လို့တော်သေးတာပေါ့၊ ကျွန်တော်က ခေါင်းကိုခေါက်တာ ကြိုက်တာမဟုတ်ဘူး၊ ကျွန်တော့်ကို ပထမဆုံးခေါက်တဲ့လူဟာ မမကြီးမို့လို့ ကျွန်တော် ပျော်ပေးလိုက်ပါတယ်၊ တခြားလူသာ ပထမဆုံးခေါက်တဲ့လူဖြစ်ရင် ကျွန်တော် တစ်သက်လုံး ယူကြုံးမရဖြစ်နေမှာ”တဲ့လေ။ ဪ ကိုကို ၊ ကျွန်မရဲ့လူဆိုးကိုကို ချစ်တယ်ဆိုတာ ဒါမျိုးလားဟင်။ ဒါဆိုလည်း ကျွန်မတို့မိန်းမတွေအတွက် မမြင်နိုင်လောက်အောင် ရူးလွန်းတယ်ရှင့်။
4.9.2022

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့