ဘယ်သူမေးမေး
ဇလီ့နာမည်အရင်းက ဇလီဇလီတင့်တဲ့ရှင့်။ ဇလီက ပိတုန်းရွာမှာပဲမွေးပြီး ပိတုန်းရွာမှာပဲကြီးတဲ့ ပိတုန်းရွာသူစစ်စစ်။ ဇလီ ဟောဒီစစ္စနို့ကို ပြောင်းလာတာ ကြာပြီ။ ပိတုန်းရွာကိုတော့ တစ်ခါတစ်ခါအောက်မေ့တာပေါ့လေ။ မေမေကိုလွမ်းတာကိုးလို့။ အလွမ်းဆုံးကတော့ ရွာက ကလေးတွေပဲ။ လူကြီးတွေတော့လား ဟွန်း.... မမှတ်မိပါဘူး။ မှတ်လည်း မမှတ်မိချင်ဘူး။ မုန်းလွန်းလို့။ အဲဒါကြောင့်လည်း ရွာမှာနေတုန်းက အကြောင်းတွေ အများကြီးမစဉ်းစားတော့ဘူး။ ခေါင်းကိုက်လို့။ ဘာဖြစ်လဲ အခု စစ္စနို့မှာလည်းပျော်နေပြီလေ။ ဇလီ့အဒေါ်ကြီး မေကြီးငွေရယ်၊ သူ့လင်ကြီးရဲ့သား ဝမ်းတွင်းရူး လေးဇော်ရယ်၊ ထောင်ထဲမှာဆုံးသွားတဲ့ နောက်လင်ငယ်သား နှစ်ယောက် ကိုထူးကြီးနဲ့ ကိုငယ် တိုးလေးရယ်၊ ကျွန်မ ဇလီရယ် ဒီခြေတံမြင့်အိမ်လေးကို အစိတ်စိတ်ပိုင်းပြီး နေကြတာ ကြာလှရှိပြီ။ မေကြီးငွေကတော့ တစ်ခါတစ်လေပြောပါတယ် “ညည်းက ရူးတာပဲ အဖတ်တင်တယ်၊ ထူးတော့ ထူးမလာဘူးတဲ့”။ သူက ဇလီ ကလေးချစ်တတ်တာကို မကြိုက်ဘူးလေ။ အိမ်နားက ကလေးတွေ အိမ်ပေါ်ခေါ်လာရင်ဖြစ်ဖြစ်၊ ကလေးကောက်ပွေ့မိရင်ဖြစ်ဖြစ် ကျွန်မဆံပင်ကို အတင်းကာရော ဆောင့်ဆွဲတော့တာပါပဲ။ ဇလီကို အမေက ဆံပင်တွေကျွတ်ကျွတ်လာလို့ပဲလား၊ မေကြီးငွေ ဆံပင်ခဏခဏဆွဲတာများလို့ပဲလားတော့မသိဘူး၊ တလောကပဲ ဇလီ့ဆံပင်အရှည်ကြီးကို အရင်းနားတိုးဖြတ်ပြီး ကော်နီကေ ညှပ်ပေးထားတာပဲ။ အမေပြောတာတော့ ဇလီကို ရုပ်ဆိုးအောင်ညှပ်ပေးတာတဲ့။ ဟွန်း….ဇလီကတော့ လုံးဝအရုပ်ဆိုးမသွားပါဘူးနော်။ အခုကြည့်လေ ဇလီက ကော်နီကေ တိုတိုလေးနဲ့ အရမ်းတွေကိုလှလို့။ ဒါပေမယ့်လည်း ဆံပင်အဆွဲခံရတာကတော့ အရင်အတိုင်းပဲ မထူးပါဘူးလေ ကလေးချီတိုင်း အမေကြီးငွေက ဆံပင်ငုတ်စိလေးကို ကပ်သပ်ပြီး ဆွဲမြဲ ဆွဲတုန်း။ ဟိုတစ်နေ့ကပဲ ကြည့်လေ၊ ဘေးအိမ်က ပုလုံးလေး ကောက်ချီမိလိုက်တာလေးကို နေရာကနေ အိမ်အထိ ဆံပင်ဆောင့်ဆွဲသွားလိုက်စမ်းဆိုတာဟာလေ ငယ်ထိပ်ကို ကွက်ရော။ အဲဒါကြောင့် ဇလီအမေအလည်လာတိုင်းပြောပါတယ်၊ ဟောဒီ မေကြီးငွေနဲ့ မနေချင်ဘူး၊ ရွာမှာပဲ အမေတို့နဲ့နေချင်ပါတယ်လို ဘယ်လောက်ပဲ ပါးစပ်အမြှပ်ထွက်အောင် ဆွယ်ဆွယ် အမေကတော့ မခေါ်ထားပါဘူးတော်။ ခေါ်နိုး ခေါ်နိုးနဲ့စောင့်ရင်း ဇလီ စစ္စနို့မှာ နေလာတာ အခုဆို နှစ်ဆောင်းတောင် ကူးရော့မယ်။ နေပျော်အောင်နေရင်းပဲ အခုတော့ နေတတ်နေပါပြီလေ။ ဒီမှာလည်း ရွာမှာလိုပဲ ကလေးပုစုကွေးလေးတွေ အများကြီးပဲ။ သို့ပေသည့် ဇလီ့ရွာမှာက ဒီမှာလောက် ကလေးမပေါဘူးဆိုပေမယ့် ရွာပေါက်ကလေးတွေကလည်း ဝဝဖိုင့်ဖိုင့်နဲ့ အရမ်းကို အူအသည်းယားဖို့ကောင်းတာပဲ။ အဲဒီတုန်းကဆို ဇလီက မိုးလင်းတာနဲ့ ရွာလှည့်ကလေးချီတာ၊ တစ်ခါတစ်ခါများ ထမင်းစားတောင်မပြန်ဘူး။ ကလေးအမေတွေကလည်း နေ့ခင်းအလုပ်များကြတော့ ဇလီသူတို့ကလေးတွေများချီရင် ထိန်းရင် သိပ်ကိုသဘောကျကြတာ။ ယံဖန်ယံခါ ထမင်းများတောင် ကျွေးလို့။ သဘောကျတယ်ဆိုတာကလည်း ဇလီ့အတွေးသက်သက်ပါလေ။ ဘာလို့ဆို ဇလီကလေ အဲဒီပေါက်စကွေးပေါက်စနလေးတွေကို နေ့ပဲထိန်းလို့ကို အားမရလို့ ညဘက်တွေအထိ အိမ်အပါခေါ်သွားတဲ့အခါများဆို အဲ့ဒီဟာမတွေက အိမ်တိုင်ရာရောက် အမေကို ချွန်တွန်းလုပ်ကြ တိုင်ကြ တမ်းကြပါသလေ့တော်။ နေ့ခင်းဘက် ယာထဲကိုင်းထဲသွားကြတော့သာ ဇလီ့ကို ဖင်ပေါ့လို့ ခိုင်းကောင်းသလေး၊ အကူရသလေး၊ ကလေးထိန်းဖော်ရသေးနဲ့ ချီးမွမ်းခန်းဖွင့်ကြတာ၊ အိမ်အထိများ သူတို့ကလေးခေါ်လာမိကြည့်ပါလား၊ ကလေးခိုးသလေး ဘာလေးနဲ့ မဟုတ်တမ်းတရား စွတ်စွဲကြတော့တာပဲ။ သို့သော်လည်း ဇလီမှ ကလေးမထိန်းပဲ မနေနိုင်လေတော့ စိတ်မဆိုးနိုင်ပေါင်။ အမေ့ကိုလည်း ပူဆာရတာ အခါခါ။ ဟုတ်တယ်လေ ဇလီက ကလေးဆို တုန်နေအောင်ချစ်တတ်လို့ မွေးပေးပါဆိုတော့ အမေက “ညည်းအဖေမှမရှိတော့တာ ငါက လေဥ ဥပေးရမှာလားတဲ့လေ”။ အဲ့ဒီတော့ ဇလီလည်း သူများအသွေးအသားကို ကိုယ့်သွေးအရင်းချာလိုသဘောထားပြီး ရွာထဲက ဘုစုခရုကလေးတွေကို ညအထိ အမေမသိအောင် ခေါ်ခေါ်တတ်လာတယ်လေ။ အဲ့လိုနဲ့ အမေကဆဲလိုက် ရွာထဲက ဆိုလိုက်နဲ့ မကြာပါဘူး အမေက ညပိုင်း ဇလီ့ကို ရွာထဲအသွားမခံပဲ အိမ်တံခါး ကြမ်းတုန်းခံ ပိတ်တော့တာပဲ။ အိမ်အောက်ထပ် မီးဖိုချောင်ထောင့်က မီးဖိုဘေးထရံအပေါက်က ဇလီ့လို ကလေးတစ်ယောက်လောက်ကတော့ အသာလေးလျှိုထွက်လို့ရတာ အမေမသိခဲ့ဘူးလေ။ ဒီလိုနဲ့ ရွာထဲက လူတွေအပြောအဆိုမခံနိုင်တဲ့နောက်ဆုံး အမေက ဇလီ့မှာ ကျောက်ပေါက်ရောဂါဆိုလား ဘာဆိုလား ရှိတယ်၊ ညနေတိုင်း ဆေးသောက်ရမယ်ဆိုပြီး မြို့ပေါ်က ကြီးငွေပို့ပေးလိုက်တဲ့ ပန်းနုရောင်ဆေးခဲလေးတွေကို နေဝင်ပြီဆိုတာနဲ့ ထောင်းထောင်းပြီး ထမင်းနဲ့နယ်ကျွေးတော့တာပဲ။ အို…. ဆေးက ဘာကောင်းသလဲမမေးနဲ့ အမေပြောတဲ့ရောဂါပျောက်မပျောက်တော့မသိဘူး၊ အိပ်လို့ကတော့ အရမ်းကောင်းတာဆိုတာ ဇလီ ညဘက်တွေကလေးထိန်းခိုးထွက်မသွားနိုင်တော့တဲ့အထိပါပဲ။ ဆေးမှုန့်လေးတွေ ညနေတိုင်း ဘယ်အချိန်ထိစွဲသောက်ရမယ်မသိသောက်ရင်း ဇလီ နေ့ခင်းပိုင်းတွေပါ နေရထိုင်ရတာ ထွေလာတော့တယ်။ တစ်ခါတစ်ခါလည်း ဇလီပိုပိုပျော်လာသလိုခံစားရတယ်။ လူကမြူးထူးနေသလိုလိုပဲ။ ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ညဘက်အိပ်ရင်း ရုတ်တရက်ကြီး ထငိုတတ်လာတယ်။ ငိုချလိုက်ရင်းလည်း အရမ်းဝမ်းနည်းပက်လက်ကြီး၊ ဘာကိုဝမ်းနည်းမှန်းလည်းမသိ ငိုခြင်းမျိုး။ ဝမ်းအနည်းဆုံးကတော့ ဇလီ့ရွာကလူတွေ ဇလီ့ကို အရူးလို ဆက်ဆံကြတာကိုပဲ။ ဟုတ်တယ်၊ သူတို့က ဇလီ့ကို အရူးမဇလီတင့်လို့ ခေါ်လာကြတယ်။ ဇလီတို့က အရူးမျိုးရိုးလိုက်တယ်လို့လည်း သရော်ကြတယ်။ ဇလီ့ ရွာထဲကအိမ်တွေ သွားလည်ရင် သူတို့ ဇလီ့ကို မောင်းထုတ်ကြတယ်။ ကလေးပုစုလေးတွေကိုလည်း အချီမခံကြဘူး။ ဇလီချစ်တဲ့ ဇလီနဲ့ဆော့နေကျ ကလေးလေးတွေလည်း ဇလီ့ကို အရင်လိုမချစ်ကြတော့ပဲ ဇလီလာရင် ဇလီ့ကို ခဲနဲ့ပေါက်ကြတယ်။ ခဲထိလို့ အမေက အနာဆေးသိပ်ပေးရတာလည်း ခဏခဏပါပဲ။ ဒီလိုနဲ့ ဇလီရွာကျောင်းတက်ရတဲ့အရွယ်ရောက်တော့ အမေက ဇလီ့ကို ရွာကျောင်းခေါ်သွားတယ်။ ကျောင်းက ဇလီ့ကို ကျောင်းလက်ခံပေးလို့ မရဘူးတဲ့၊ ဇလီက မြို့ဘက်က အထူးကျောင်းမှာပဲ တက်ရမယ်တဲ့။ ဟင့်အင်း မတက်ချင်ပါဘူး သူတို့ပြောတဲ့အထူးကျောင်းကြီးကို။ ဒီရွာကျောင်းမှာပဲ ကလေးတွေ၊ အတန်းဖော်တွေနဲ့ ဇလီက အားရပါးရ ဆော့ချင်တာ။အမေက နောက်တော့ စစ္စနို့က သူ့အမ မေကြီးငွေကို ဆင့်ခေါ်ပြီး မြို့ကို ဇလီ့ခေါ်သွားဖို့ ပြောတော့တာပဲ။ ကြီးငွေက စစ္စနို့မှာ နေတာကြာပြီ၊ အရင်ကတော့ ရွာမှာ အမေနဲ့အတူနေနေကြ။ ညီအမနှစ်ယောက် ဖေကြီးချန်ခဲ့တဲ့ လယ်ကိုထမင်းမငတ်အောင် အတူတကွ လုပ်ကိုင်လာရင်း၊ သူရင်းငှား ဦးရင်ကျော့နဲ့ ညားတာပဲ။ ဦးရင်ကျော့ ကြီးငွေကို ချစ်ရှာတယ်လို့တော့ အမေက ခဏခဏပြောပြပါတယ်။ ကြီးငွေနဲ့ ဦးရင်ကျော့တို့ ဝမ်းတွင်းရူး လေးဇော်ကိုမွေးတယ်။ ဒါကို ကြီးငွေက စစ္စနို့ကို ပဲရောင်းနှမ်းရောင်းသွားရင်း မြို့က မြင်းလှည်းသမား မျက်စိတိမ်စွဲကြီး ဦးထွန်းကြည်နဲ့ငြိလို့ လင်ကြီးဦးရင်ကျော့က ဓါးနဲ့လိုက်ခုတ်တာ ကြီးငွေလည်း ရွာမှာမနေတော့ပဲ ဝမ်းတွင်းရူးလေးဇော်ကို လက်စွဲလို့ စစ္စနို့က သူ့နောက်လင် ဦးထွန်းကြည်ကြီးနဲ့ သွားနေတာ ရွာမှာ အမေပဲကျန်ခဲ့တော့တယ်။ အမေလည်း ယာအလုပ်ကို မိန်းမတစ်ယောက်တည်း လုပ်လာရင်း အားကိုးရှာရင်း၊မကြာခင် ဇလီ့အဖေ တစ်ပြည်သား ငွေဂွမ်းရွာသားကြီး ဦးဒွန်းစိန်နဲ့ ယူလိုက်ကြတယ်တဲ့။ မြို့က ကြီးငွေယောက်ျား၊ ဦးထွန်းကြည်ကြီးလည်း ကြီးငွေနဲ့ပေါင်းရင်း ကလေးနှစ်ယောက်ထွန်းပြီး မကြာခင် အရက်ဝိုင်းလူသတ်မှုနဲ့ထောင်ကျ၊ မရှေးမနှောင်းပဲ ဇလီ့အဖေလည်း ယာထဲပိုးထိလို့ဆုံး၊ အမေက တစ်ခုလတ်ဘဝနဲ့အားကိုးမရှာတေ့ာပဲ ဇလီ့ကို လုပ်ကျွေးလာခဲ့ပါတယ်။ အခုတော့ ဇလီလည်း ကြီးငွေနဲ့အတူ စစ္စနို့လိုက်သွားနေဖို့၊ ရွာမှာ နေရအဆင်မပြေတော့တဲ့အကြောင်းအရင်းခံပြီး ပို့ခဲ့ကြပြီလေ။ ရောက်စတော့ ဇလီမပျော်ဘူး။ ရွာကိုပဲပြန်ချင်တယ်။ ကြီးငွေသား လေးဇော်က သူ့ပထွေးရဲ့ မြင်းလှည်းကိုမောင်း၊ ဟိုညီအကိုနှစ်ယောက်ကလည်း သူတို့အဖေဇာတိ မင်းလှဘက်က သူ့အဖေအမျိုးတွေဆီသွားနေပြီးကျောင်းတက်ကြတာ နွေရာသီကျောင်းကြီးပိတ်မှ ပြန်လာတတ်တယ်။ ဇလီရောက်စက ဝမ်းတွင်းရူးကောင် လေးဇော်ကကော၊ ဟိုညီအကိုနှစ်ယောက်ကကော မချစ်ကြဘူး။ အရူးမနဲ့ အမျိုးကင်းချင်သတဲ့လေ။ ကြီးငွေကလည်း နေကုန် စျေးထွက်၊ ညနေမှပြန်လာ ဇလီ့က ဘေးအိမ်က ကြီးကြီးမေဆီမှာ ထမင်းစားထားခဲ့ပြီး နေလာခဲ့ကြတယ်။ ကြီးကြီးမေ က ယောက်ျားလည်းမရှိဘူး၊ အဖွားကြီး။ သူနဲ့မနေပါဘူး ပျင်းလို့။ ဇလီကတော့ တစ်နေကုန် လည်နေလိုက်တယ်။ စားခါနီးမှ ကြီးကြီးမေအိမ်ပြန်လာတယ်။ ထွက်တယ်လေ၊ မိတ်ကပ်ကို အနှံလူးတယ်၊ ကော်နီဆံပင်ကို တသသသပ်၊ ရဲပါတယ်ဆိုတဲ့ ဇလီ့နှုတ်ခမ်းကို အရောင်ချယ်ထပ်တင်ပြီး ဂါဝန်လှလှလေးတွေ၊ ထဘီလှလှလေးတွေကို ကျော့ကော့နေအောင် ဝတ်ပြီး၊ နေကုန်လည်နေလိုက်တယ်။ ဇလီလှနေရမယ်လေ၊ မလှလို့လည်းမရဘူးမဟုတ်လား။ ဇလီ့မှာက အိမ်ကထွက်တာနဲ့ မျှော်နေကြသူတွေ တစ်ပုံကြီး။ ဟောဟို ကွမ်းယာတဲထဲက လူပျိုသိုးကြီး ကိုသုန်၊ ထန်းဆန်စက်က တံခါးစောင့်ကိုကိုလှထူး၊ လမ်းထိပ်လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေး ကိုကိုသက်၊ ကျောင်းစောင့် ဦးလေးဖိုးဖိုး၊ ကလေးအဖေကြီး ကိုကိုစံ၊ အဖြူအစိမ်းကျောင်းဝတ်စုံလေးနဲ့ကိုကိုနဲ့မောင်လေးတို့အဖွဲ့... အိုစုံလို့ပါပဲ။ ဇလီ့ကို ချစ်ကြသတဲ့လေ။ ဇလီကမှ စွဲလမ်းဖို့ကောင်းသတဲ့။ ဇလီ့ခန္ဓာကိုယ်ကမှ လောကမှ အလှဆုံး အလှဘုရင်မလေးတဲ့လေ။ ဇလီကတော့ သူတော့ဘာပြောလည်း နားမလည်ဘူး။ စိတ်လည်း မဝင်စားဘူး။ ဇလီ မုန့်စားရရင်တော်ပြီ၊ ဇလီ့ကို ချစ်ကြရင်တော်ပြီ၊ ရွာကို မလွမ်းရရင်တော်ပြီ။ အစကတော့ ဇလီအသားမကျဘူး နာတယ်။ တော်တော်လေးနာတယ်။ ကြောက်လည်းကြောက်တယ်။ သူတို့ခန္ဓာကိုယ်တုံးလုံးကြီးတွေက ဇလီ့ကို နာအောင် အမြဲလုပ်တယ်။ ထဘီတွေ ချွတ်တာ တစ်ခါတစ်ခါအနာတွေတောင် စုတ်တယ်၊ ထက်ဆင်တွေပြဲတယ်၊ အတွင်းခံတွေဆို ပေါက်ရော။ သူတို့ စိတ်ရှိတိုင်း နေပြီးရင် သူတို့ဇလီ့ကိုတော့ မုန့်နဲ့ချော့ကြပါတယ်။ အသားမကျသော်လည်း နောက်တော့ ဘယ်နေရာကိုပဲ ဇလီသွားသွား ဇလီရှောင်မရခဲ့ဘူး။ သူတို့တွေက နေရာတိုင်းမှာရှိနေတယ်။ ဟုတ်တယ် အိမ်မှာတောင် ရှိတယ်လေ။ ကိုလေးဇော်က မြည်းလှည်းထွက်လို့ ညပိုင်းပြန်ရောက်ရင် ဇလီ့ကို နှိပ်နှယ်ခိုင်းတယ်၊ သူနဲ့အတူအိပ်ရတယ်၊ အတူနေရတယ်။ သူအရမ်းဆိုးတာပဲ သူနေ့ခင်းပိုင်းမြင်းလှည်းထွက်ရင်းနဲ့တွေးခဲ့တဲ့ အမျိုးသမီးတွေနာမည်တွေ ဇလီ့ကို ပေးတယ်၊ ခေါ်တယ်။ သူက ရူးနေတာလားမသိပါဘူး၊ ဘာပဲဖြစ်ဖြစ်လေ သူယူလာတဲ့ ယိုဇုံလေးတွေ စားရရင်တော်ပြီပေါ့။ အံမယ် ကိုလေးနဲ့ကိုကြီးတို့ကလည်း ကျောင်းပိတ်လို့ ပြန်လာရင် ဇလီနဲ့မှ အိပ်ချင်ပါသတဲ့တော်။ မုန့်တွေ လုရက်ကျွေးကြတာများ မြင်မကောင်းဘူး။ အခြားသူတွေလည်း သူတို့လို ပါပဲ၊ ဇလီ့ကို ကလေးချစ်တတ်လို့ ကလေးထိန်းဖို့ဆွယ်တဲ့လူဆွယ်တယ်၊ မုန့်နဲ့ဆွယ်တဲ့လူ ဆွယ်တယ်၊ အဝတ်အစားနဲ့ ဆွယ်တဲ့လူဆွယ်တယ်။ အို အမျိုးမျိုးပါပဲ။ ဇလီအခုတော့ နေသားကျရုံတင်မကဘူး ပျော်ပါပျော်နေပြီသိလား။ တစ်ခါတစါခါ ကြီးငွဆံပင်ဆွဲခံရတာကလွဲလို့ပေါ့။
ဇလီ့ အသက်လား ၊ မေမေမှာထားတာကတော့ ဘယ်သူမေးမေး ဇလီက ကလေးလေးပဲရှိသေးတာတဲ့လေ။
16.9.2022
Comments
Post a Comment