"ဘုရားဒကာမကြီး စိုးစိုးရီ"
အမရပူရမြို့၊ သိမ်ကြီးဈေးအလွန် စစ်ကိုင်း-မန္တလေးလမ်းကြီးအကြား ရတနာ့ဂူဘူတာအနီးမှာ ဗောဓိသန်းထောင် ဘုရားဆိုတာရှိပါတယ်။ ထိုဘုရားရဲ့ အရှေ့ဘက်စူးစူးမှာ သပြေနဲ့ ကံ့ကော်ပင်ဖားဖားကြီးတွေက နေပြောက် မထိုးအောင် အုပ်မိုးလို့ ဗောဓိသန်းထောင်ဘုရားထဲဝင်ပါပြီ ဆိုကတည်းက ကြိုင်လိုက်တဲ့ အနံ့ ကြူကြူသင်းလို့။ တောင်ဘက်အထွက်မုဒ် လမ်းကပ်လျပ် အနောက်မှာတော့ တစ်ဖက်ပွင့် ကနားစင်ကြီးဆိုတာ တစ်ရာသီလုံး လူသူမဲ့လို့ ခြောက်လွန်းမကခြောက်လိုက်တာ ဝါခေါင်နတ်ပွဲစပြီဆိုလျှင်တော့ အရပ်ရပ်က ပန်းလာဆက်ကြ၊ ကနားပေးကြနဲ့ ထိုကနားစင်ကြီးဟာ နတ်စင်နတ်နန်းနတ်ရုပ်ပေါင်းစုံ ခေါင်အထိဆင့်ထားပြီး ကနားသံပေါင်းစုံ၊ လူတစီစီနဲ့ ကျွပ်ကျွပ်ညံပြန်ရော။ မြောက်ဘက်မုဒ်အဝင်က အနောက်ဘက်ခပ်စောင်းစောင်းကို လှည့်ထားတာဆိုတော့ အနောက်ဘက်မုဒ်ရယ်လို့ ရထားလမ်းဘက်အထွက်နား သီးသန့်မရှိပေမယ့် ဘုရားဖူးသူ အများအတွက် မှန်ကာထားသော ဆင်ပေါက်ကလေးတော့ရှိပါတယ်။ ထိုအနောက်ဘက်စဉ်ပေါက်ကလေးမှာ အုတ်လှေကားသုံးထစ်နဲ့ ချီပြီး တစ်လံလောက်အလွန်အုတ်လမ်းကလေးဟာ ရထားလမ်းမေးတင်ပြီး ဆုံးသွားပါသည်။ ကျွန်တော်တို့ငယ်စဉ်ကတည်းက ဗောဓိသန်းထောင်ဘုရား အနောက်ဘက်မုဒ်စဉ်ပေါက် အုတ်လမ်းကလေးကိုဖြတ်ကာ ရတနာ့ဂူဘူတာဘေး အိုးတော်မူလတန်းကျောင်းကို ခြေလျင်ကျောင်းသွားလေ့ရှိပါသည်။ ထိုသို့ကျောင်းသွားတိုင်း အိမ်က အဒေါ်တွေ၊ ဦးလေးတွေပါမှ သွားဝံ့ကြပြီး အိမ်လူကြီးတွေ မအားပါက အပေါင်းအဖော်အဖွဲ့လိုက်နဲ့မှ ဖြတ်သွားရဲကြပါတယ်။ ထိုသို့ ကျွန်တော်တို့ ဗောဓိသန်းထောင်ဘုရားအနောက်ဘက်ကို မဖြတ်ရဲကြသည့် တစ်ခုတည်းသော အကြောင်းအရာမှာ အနောက်ဘက်မုဒ်အုတ်သုံးဆင့်လှေကားရင်းတွင် အမြဲတမ်းထိုင်နေလေ့ရှိသော စိုးစိုးရီလို့ခေါ်တဲ့ သူနှမ်းမကြီးကြောင့် ဖြစ်ပါသည်။ စိုးစိုးရီက နွေမိုးဆောင်းသုံးရာသီလုံးလုံး ထိုဘုရားလှေကားတက်မှာ ထိုင်ပြီး ဘယ်မှလောက်လောက်လားလားသွားတာမရှိ ထိုနေရာမှာပဲနေ၊ ထိုနေရာမှာပဲစား၊ ထိုနေရာမှာပဲအိပ်လေ့ရှိပါသည်။ စိုးစိုးရီဟာ ထိုအချိန်က အသက်အားဖြင့် လေးငါးဆယ်ဝန်းကျင်လောက်တော့ ရှိရော့မယ်၊ အဝတ်အစားနှစ်ထပ်သုံးထပ်ကို ပုံမကျပန်းမကျဝတ်ပြီး ပီနံအိတ်အဖြူညစ်ထေးကြီးကို ခုထိုင်ကာ လာသမျှသော လမ်းသွားလမ်းလာများထံမှ တောင်းရမ်းစားသောက်ပါတယ်။ ဗောဓိသန်းထောင်ကပ်လျက် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးရဲ့ စောင့်ရှောက်မှုကြောင့် ဆွမ်းကျန်ဟင်းကျန်များကို စိုးစိုးရီက ပလတ်စတစ်အိတ်မဲကြီးခင်းပြီး လှေကားတက် သမံတလင်းမှာပဲ စားတတ်ပါတယ်။ ကျွန်တော်တို့ကလေးတွေ ကြောက်တတ်တဲ့ မျက်လုံးမင်မင်ကြောင်ကြောင်ကြီးနဲ့ နှာခေါင်းမှာ နားကပ်ပြူးပြူးကြီးပန်လို့ သူ့ကို ငေးကြည့်မိတဲ့ကလေးဆိုရင် ပြူးပြူးပြုံးပြုံးကြီး လုပ်လို့ ကျွန်တော်တို့ညီအကိုနှစ်ယောက်ငယ်စဉ်ကတည်းက စိုးစိုးရီကိုကြောက်တဲ့စိတ်က အစိုးကြီးစိုးခဲ့ရပါတော့တယ်။ ကျွန်တော်တို့ညီအကိုနှစ်ယောက် သူငယ်တန်း၊တစ်တန်းမှ စပြီးကြောက်ခဲ့ရတဲ့ စိုးစိုးရီနဲ့ ကျွန်တော်တို့ ကျောင်းတက် ၂နှစ်ပြည့်ပြီးနောက် အထက်တန်းကျောင်းကို ပြောင်းရွေ့ပြီးတဲ့နောက်မှာတော့ အခွဲကြီးခွဲခဲ့ရလို့ ကျွန်တော် မသိမသာပျော်ခဲ့ဖူးပါတယ်။ စိုးစိုးရီကတော့ သူ့ရဲ့နေမြဲနေရာမှာပဲ တောင်းရမ်းစားသောက်လို့သာ ဗောဓိသန်းထောင်ဘုရားကြီးနဲ့တူ ကျန်ခဲ့ပါသည်။ ကျွန်တော်တို့ ရံဖန်ရံခါ အဒေါ်တွေအိမ်သွားလည်တဲ့အချိန်တွေမှာလောက်မှာပဲ စိုးစိုးရီကို ကျွန်တော်တို့တွေ့ကြရသော်လည်း သူမကိုကြောက်တဲ့စိတ်က အစဉ်ကြီးစိုးဆဲပါ။ စိုးစိုးရီကို ကျွန်တော်တို့ကြောက်ကြတာဟာ ရန်မူတတ်၍လည်းမဟုတ်၊ ဆွဲလားရမ်းလားလုပ်၍လည်းမဟုတ်ပဲ မိန်းမမပီ ယောက်ျားဖားဖားသဏ္ဌာန်ရှိတဲ့ သူမပုံစံကြီးကြောင့်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ အသွားအလာကြဲသွားသော လမ်းကြောင့် စိုးစိုးရီနဲ့ဝေးခဲ့ရပြီး တစ်ရက်သားမှာတော့ ကျွန်တော်တို့အမေဟာ အိမ်မှာ ကူဖော်လောင်ဖက်ရဖို့ အမျိုးသမီးတစ်ဦးအား ကျွန်တော်တို့အိမ်ပေါ်ခေါ်ထားမည်ဖြစ်ကြောင်း၊ သူမကို အိမ်မှာ နေရာတစ်သီးတစ်သန့်ပေး၍ အတူတူတစ်မိုးအောက်မှာ နေကြမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ကလည်း သူမကိုလည်း ကြင်ကြင်နာနာရှိရမည်ဖြစ်ကြောင်းပြောလာခဲ့ပါသည်။ နောက်တစ်ရက် ကျွန်တော်တို့ညီအကိုနှစ်ယောက် ကျောင်းဆင်းလို့အိမ်ကိုအတူတူအပြန် ကစားဖော်သူငယ်ချင်းတွေနဲ့ ညနေဘက်မီးပွင့်အောင်ဆော့မယ်လို့ တေးထားခဲ့တဲ့ စိတ်ကလေး အိမ်ထဲအဝင်မှာတင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါတော့တယ်။ အမေအိမ်ပေါ်ခေါ်တင်လာတဲ့ ကူဖော်လှောင်ဖက်ဆိုတာက “စိုးစိုးရီ”ကြီး။ ငုတ်လျှိုးနေတဲ့ ကျွန်တော်ရဲ့ ကြောက်စိတ်ကလေး လျှပ်တစ်ပြက်အတွင်းမှာပဲ အသက်ပြန်ဝင်လာပါတော့တယ်။ ကျွန်တော်တို့ကြောက်သော စိုးစိုးရီကို အမေမှမကြောက်၊ ကျွန်တော်တို့ရွံသော စိုးစိုးရီကို အမေကမရွံတဲ့အပြင် သူတော်ကောင်းမကြီးပီသစွာ စောင့်ရှောက်ထားဦးမတဲ့လေ။ စိုးစိုးရီက နှစ်တွေသာ ကြာသွားပေမယ့် သူ့အသွင်အပြင်ကြီးက အရင်လိုပဲ ကျောချမ်းစရာကောင်းမြဲ၊ ကျွန်တော်ကလည်း နည်းနည်းမှပြောင်းလဲမသွားပဲ ကြောက်မြဲကြောက်ဆဲပါ။ စိုးစိုးရီက ကျွန်တော်တို့ အိမ်ရဲ့အနောက်ဘက်ထောင့်စွန်းအခန်းမှာ နေပြီး လင်းကတည်းက အိမ်မှာ တံမြက်စည်းလှည်း၊ အဝတ်လျှော် မီးပူတိုက်၊ အိမ်သန့်ရှင်းရေး ပိရိအောင် မနားတမ်းသာလုပ်နေတတ်ပါတယ်။ အမေက စိုးစိုးရီကို ချစ်တော့ အဝတ်အစားလည်းဆင်၊ ပေးခြင်းကမ်းခြင်းလည်းရှိရှာတော့ စိုးစိုးရီကလည်း ကျွန်တော်တို့ တစ်အိမ်သားလုံးကို ခြေဆုပ်လက်ဆုပ်ရှိရှာပါတယ်။ အဖေကဆိုရင် စိုးစိုးရီအဝတ်လျှော်တာ မီးပူတိုက်တာမှ သန့်ရှင်းလွန်းလို့၊ ကော့ညွှတ်လွန်းလို့ အမြဲချီးမွမ်းခန်းဖွင့်တာ အခါခါပါပဲ။ အဖေတို့အမေတို့က စိုးစိုးရီပဏာသင့်နေကြသော်လည်း ကျွန်တော်ကတော့ လားလားမှ မခေါ်ရဲမပြောရဲသေးပါ။ စိုးစိုးရီကတော့ နှာခေါင်းမှာ နားကပ်ပြူးကြီးပန်လို့ အိမ်ရဲ့နေရာအနှံ့အလုပ်တွေ သူ မပါပဲ မပြီးဖြစ်လာခဲ့ပါတယ်။ ကျွန်တော်ကတော့ သူရှိတဲ့အခန်းကို ရှောင်ပြီးနေရင်း ကျွန်တော်နဲ့အိမ်နဲ့ စိမ်းလာပါတယ်။ ကျွန်တော်မလွတ်လပ်သလို ခံစားလာရတယ်၊ အထူးသဖြင့် ညအချိန် မိသားစုတွေစုပြီး ရုပ်ရှင်ကြည့်ကြပြီဆိုရင် သူက တီဗွီကြီးနားကပ်လို့ ပြူးပြူးကြီးကြည့်တတ်တယ်။ တစ်ခါတစ်ခါဆိုကျွန်တော့်ကို “ဖိုးသားလေး”လို့ လေးလေးကြီးခေါ်လိုက်ရင် အော့နှလုံးတွေနာပြီး စကားမဆက်ရလေအောင် “ကျွန်တော်ဘားမှမလိုဘူး အမေ့ကိုသာမေး”လို့ တိုတိုနဲ့ပြတ်ပြတ်သာ ဖြေလေ့ရှိပါသည်။ အနေကြာလာပြီးတဲ့နောက်တာ့ စိုးစိုးရီက ထမင်းဟင်းတွေခူးခပ်ပြီးကျွေးတဲ့အခြေအနေသို့ရောက်လာပါတယ်၊ ကျွန်တော်ကတော့ စိုးစိုးရီကို မကြောက်တော့တာကလွဲလို့ စိမ်းမြဲစိမ်းနေခဲ့ပါတယ်။ စိုးစိုရီနဲ့အနေကြာလာတော့ ကျွန်တော်တို့သတိထားမိလာကြတာက အမေဟာ အဝတ်အစားကောင်းလေးတွေ ဘယ်လောက်ပဲဆင်ဆင် စိုးစိုးရီက သူ့ရဲ့ အတွင်းခံအင်္ကျီညစ်နွမ်းနွမ်းကို ဘယ်တော့မှ မလဲ၊ မချွတ်ခြင်းပါပဲ။ ဟုတ်ပါတယ် သူ့အတွင်းခံဖောင်းဖောင်းကြီးကို ဝတ်ထားရင် စိုးစိုးရီက နဂိုထက်ကို ပိုဝဝဖိုင့်ဖိုင့်ကြီးနဲ့ ကြည့်ရအလွန် ဆိုးပါတယ်။ ဒါကိုတော့ အမေရော အဖေပါ ပြောလို့မရပါဘူး။ စိုးစိုးရီက ဝတ်မြဲဝတ်ပါတယ်။ ဒီလိုနဲ့နေလာပြီး နှစ်အတန်ကြာတော့ စိုးစိုးရီ တစ်စတစ်စ နေမကောင်းတာ၊ ဖျားနာတာရှိလာပါတယ်။ အမေကတော့ ပြုစုရှာသော်လည်း ကျွန်တော်ကတော့ စိုးစိုးရီအနား တစ်ဖျားမှ မသွားခဲ့ပါ။ တစ်ညသား စိုးစိုးရီတစ်ယောက် သာမာန်ဖျားပါလို့ တတွင်တွင် အမေ့ကို ပြောသော်လည်း အမေနဲ့စိုးစိုးရီတို့ မန္တလေးဆေးရုံသွားတဲ့လမ်းမှာပဲ အမေ့လက်ပေါ်မှာတင် စိုးစိုးရီတစ်ယောက် ကံကုန်ခဲ့ပါတယ်။ မျက်ရည်ပေါက်ကြီးငယ်နဲ့အတူ အမေလည်း စိုးစိုးရီခန္ဓာကြီးသယ်ပြီး အိမ်ပြန်လာပြီးနောက် စိုးစိုးရီနဲ့ မဆုံးခင်လေးပြောခဲ့တဲ့စကားတစ်ချို့ကို အမေ ဝမ်းနည်းပက်လက်ပြောရှာပါတယ်။ “ကျုပ်ကို ကျေးဇူးရှင် အန်တီဆွေကြီးကြောင့် လူနေအိမ်မှာ နေဖူးခဲ့ပါတယ်တဲ့၊ မိသားစုကို ကြုံဖူးခဲ့ပါတယ်တဲ့၊ စိုးစိုးရီကြီးက အန်တီဆွေကြီးကို ကန်တော့ပါတယ်တဲ့၊ စိုးစိုးရီကြီးက ပိုက်ဆံစုထားတာ အန်တီဆွေကြီးကို ပေးလိုက်ပါတယ်တဲ့၊ နောက်ကျွေးများမကျေရင် ခွင့်လွှတ်ပါတဲ့ တော်ရေတဲ့၊ အမလေး ညည်းကို ရူးတယ်ဘယ်သူပြောတုန်း စိုးစိုးရီရဲ့ ငါ့အတွက်က ညည်းဟာ အကောင်းပါလားအေ့”လို့ အမေလည်း သဲသဲမဲမဲ ငိုပါတော့တယ်။ အိမ်မှာ စိုးစိုးရီအသုဘအတွက် လူအဝင်အထွက်တစ်ချို့ရှိတုန်း အမေက စိုးစိုးရီခန္ဓာကြီး မသာရေချိုးဖို့ စိုးစိုးရီရဲ့ ညစ်ထေးအတွင်းခံကြီးကို လဲဖို့ချွတ်ပါတယ်။ ထို့နောက် အမေဆီမှ “စိုးစိုးရီရယ် နင့်မလဲ ဝဋ်ကြီးပါ့လားလို့”ငိုသံမဲကြီးကြားလို့ အိမ်ရောက်နေကြသော လူသူတွေဝိုင်းလာခါတော့မှ စိုးစိုးရီရဲ့ အတွင်းခံမဲကြီးတွေမှာ ငွေသားရွှေသားအထပ်လိုက်ကြီးနဲ့အတူ အမေ့ကို တွေ့ရပါတော့တယ်။ သူ့တစ်သက်တောင်းလို့ရသမျှသော အမေပေးကမ်းခဲ့သမျှရော တစ်ပြားသားမှ မသုံးခဲ့တဲ့ အရူးမတစ်ယောက်ရဲ့ ငွေပုံဟာ တစ်ပုံတစ်ပင်ကြီးသာ ရှိပါတော့တယ်။ တစ်ဆင့်စကားတစ်ဆင့်ကြားလို့ စိုးစိုးရီ အသုဘမပြီးခင် ရက်အတွင်းပိုင်းမှာပင် စိုးစိုးရီနဲ့အမျိုးတော်စပ်ပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ လူ သုံးလေးဦးမက အိမ်ကို ရောက်လာပါတယ်။ ရောက်လာသူတိုင်းကိုလည်း အမေက “ဘုရားကျွန်ဘဝတုန်းက တော်တို့က ဘယ်မှာသေနေကြလို့ အခုငွေသံကြားမှရောက်လာကြသတုန်း၊ ကျုပ်က ဗောဓိသန်းထောင် ရွှေသင်္ကန်းကပ်တဲ့အချိန်ကျ စိုးစိုးရီအတွက် ဘဝကောင်းကို ရည်ပြီးလှူမှာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ မပေးနိုင်ဘူး”လို့သာ ရန်လုပ်လွှတ်လိုက်ပါတယ်။
စေတနာကြားသိပုံခြင်း ကွာကြတယ်ထင်ပါရဲ့ အမေ့ကိုလည်း အရူးမငွေမက်လို့ အိမ်ပေါ်ခေါ်တင်တယ်လို့ ပတ်ဝန်းကျင်ကဲ့ရဲ့စကားများကြားထဲက ဗောဓိသန်းထောင်ရွှေသင်္ကန်းကပ်လွှတ်ပွဲမှာ ဘုရားဒကာမကြီး စိုးစိုးရီတစ်ယောက် အမျှဝေသံ ကြားသိမယ်ထင်ပါရဲ့။
16/11/2022
Comments
Post a Comment