မိန်းမနဲ့ယောက်ျား
"ဒီအတိုင်းရိုးရိုးသားသားပါ"ဆိုတာ ကုတင်ပေါ်မရောက်သေးသ၍ဆိုတဲ့ စကားဝှက်ပါတတ်လို့ ချင့်ယုံစေချင်တယ်၊ ဒါတောင်မှ ကုတင်ပေါ်ရောက်ရင် ဘာဆက်ဖြစ်မယ်လို့ အာမ မခံဘူးနော်။ သို့ပေမယ့်လည်း "ယောက်ျားတွေ မကောင်းဘူး မကောင်းဘူး" "မိန်းမတွေ မကောင်းဘူး မကောင်ဘူး"အော်နေပြီး ယောက်ျားမယူတဲ့မိန်းမတွေ၊ မိန်းမမယူတဲ့ယောက်ျားတွေရှားသလို အရက်မကောင်းမှန်းသိရက်နဲ့ နှစ်နှစ်ခြိုက်ခြိုက်သောက်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ အမျိုးသမီးတွေဆိုတာ အားနည်းတယ်လို့ယူဆတတ်ကြပေမယ့် ပြဿနာဖြစ်ရင် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတတ်ကြသော်လည်း အားကြီးပေ့ဆိုတဲ့ ယောက်ျားဆိုတာမျိုးက ထိပ်တိုက်ဖြေရှင်းရမယ့်အခြေအနေမျိုးမှာ ရှောင်ပြေးတတ်ကြစမြဲပဲ။ သူတို့တွေက မိန်းမဘက်က စိတ်ကုန်မှ အတင်းရောကာရော ပြေးဒူးဖက်ကြတဲ့အကျင့်ပါနေတာ၊ မိန်းမတွေဘက်က လက်မခံမှ ယောက်ျားမာနကို သတိတရ ရှိတတ်ကြတဲ့အမျိုး။ တိုင်ပင်အလွဲဆုံးဒီကျားမစိတ်နှစ်ခုမှာ မိန်းမတွေက သဲသဲတုန်နေတဲ့အချိန် ယောက်ျားတွေက သွေးအေးပြတတ်ပြီး၊ မိန်းမတွေ စိတ်ကုန်လို့လှည့်မကြည့်တတ်ကြတော့ဘူးဆိုတဲ့အခါမှ ယောက်ျားတွေက အသိတရားဝင်လာတတ်တာမျိုး။ ဒီလိုလွဲတတ်တာကို ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းမယောက်ျားတွေက ဦးစွာထားခဲ့တတ်တဲ့လူကို "သစ္စာမဲ့သူ"လို့ ခေါင်းစဉ်တတ်ကြပြီး ကျန်ခဲ့သူရဲ့ စိတ်ကုန်အောင်တွန်းပို့တတ်တဲ့ လုပ်ရပ်တွေကို မေ့ပေးတတ်ကြတယ်။ "မင်းတစ်ယောက်တည်းကိုပဲ ချစ်တယ်"ဆိုတာထက် "မင်းကြောင့်တစ်ခြားလူတွေကို မမြင်တော့တာ"မျိုးက ပိုလေးနက်မလားပဲ။ တကယ်ချစ်လို့ ကိုယ့်ချစ်သူကလွဲ တခြားလူတွေကို မမြင်တတ်တာထက်၊ မင်းတစ်ယောက်ကိုချစ်ပြီး တစ်ခြားလူတွေကို ကြိုက်လို့ရနေသေးတာက တက်တက်ဆင်အောင် လွဲတတ်လွန်းလို့ပါ။ ဖောက်ပြန်တတ်တဲ့လူတွေပြောတတ်တဲ့စကားတစ်ခုလိုပေါ့ "မင်းကို အချစ်ဆုံးဆိုတာသိလိုက်ပါပြီ"ဆိုတာဟာ တခြားလူကို မချစ်ဘူးလို့ဆိုလိုတာ မဟုတ်ဘူး၊ မင်းလောက်မချစ်တာကို ပြောတာ။ အခွင့်သာကြည့်ပါလား အချစ်ဆုံးကို ပြန်မေ့တတ်ကြတာချည်းပဲ။ ဒါပေမယ့် ဒီလိုဖောက်ပြန်တတ်တဲ့ပုံစံကတော့ မိန်းမယောက်ျား သွားတူပြန်ရော။
Comments
Post a Comment