ရောင်းသူဝယ်သူ

 

ပုညသိမ်တော်ကျောင်းက တဒေါက်ဒေါက်ကုလားတက်ခေါက်တာသံက အာမြရဲ့ နားထဲ တဇောင့်ဇောင့်ဝင်ကာ နှိုးတော့တယ်။ သက်ကယ်ခေါင်ပေါက်က အလင်းတစ်ပေါက်နှစ်ပေါက်ကြောင့် မြင်နေရသော ခြင်ထောင်ဘေးက အရံသင့်ထောင်ထားတဲ့ ပလတ်စတစ်ရေဘူးကို လက်နဲ့စမ်းယူပြီး တစ်ညလုံး ဟောက်ထားရတဲ့ အာခေါင်ခြောက်ကို အာမြတစ်ယောက် ရေဆွတ်လိုက်တယ်။ ဗန်းနာနေသောဆံကျေလုံး ခေါင်းအုံးမှ အသာကြွခွာလို့ ခေါင်း မရင်း အာမြတစ်ယောက် စုတ်သက်ထိုးကာ အားယူထလိုက်တယ်။ ဒါဟာ အာမြရဲ့ တစ်နေ့တာ နိစ္စဒူဝအစပေါ့။ ကြမ်းနင်းသံတအိအိနဲ့ အာမြတစ်ယောက် အိမ်အောက် ဆင်ဝင်ကို ဆင်းပြီး အိမ်ပေါက်နဲ့ခြံကြားနေရာမှာ ထောင်ထားသော စဉ့်အိုးထဲကရေနဲ့ မျက်နှာသစ်ပြီးနောက် စဉ့်အိုးဖုံးပေါ်က ဆားနဲ့ဖွဲပြာအရောမှုန့်ကို သွားပေါ်တင်ကာ အားရပါးရ တိုက်ချလိုက်တယ်။ ထို့နောက် အိမ်ပေါ် တစ်ဂျောင်းဂျောင်းတက်ကာ အိမ်ခြေရင်းထောင့်မှာ ပုံထားသော အကြော်ဒယ်အိုးများ၊ စားအုန်းဆီပုံးနှင့် ထမင်းအိုးပိန့်တို့ကို အိမ်ရှေ့တဲထဲ မမယ်အလုပ်မှ ခေါင်းထဲ မနေ့ညနေက ဖြစ်ခဲ့တဲ့ကိစ္စကို အမှတ်ရပြီး အရုပ်ကြိုးပျက် လက်မှိုင်ကျသွားတော့တယ်။ ပါးစပ်ကလည်း ချက်ချင်းဆိုသလို “ဒီ မဿာဝမ်းတွင်းရူး ပါးစပ်သရမ်းထချက်များ သူများထမင်းအိုးပါ တုတ်နဲ့ထိုးလေရဲ့၊ ရောင်းသူရှိလို့ ဝယ်သူရှိ၊ ဝယ်သူရှိလို့ ရောင်းသူရှိတာပါတော်၊ အခုတော့ ကြွက်မနိုင်ကျီမီးနဲ့ရှို့လို့ ကျုပ်တို့လို အိမ်ထမင်းဆိုင်ကိုမှ ပိတ်ခိုင်းသတဲ့၊ ဒင်း သန်းဖေအရူးတော့လား လာစေဦး ပေါင်နှစ်ချောင်းကို ဒီကောင်မ အာမြကိုယ်တိုင် ဆွဲဖြဲပြစ်မယ်”။ အာမြတို့ စောစောစီးစီး သတိတရနဲ့ ဆဲလိုက်ဆိုလိုက် ကျိမ်းလိုက်မောင်းလိုက် ပါးစပ်စက်သေနတ် ပစ်တော့မှ ခေါင်းရင်းခြေရင်းအိမ်တွေပါ လင်းကြက်တွန်သံနဲ့အတူ ထရတော့တယ်။ အာမြအဖြစ်ကိုလည်း ဂရုဏာသက်မိတာက တစ်ကြောင်း၊ အာမြပါးစပ်ကိုလည်း ကြောက်တာက တစ်ကြောင်းကြောင့် မည်သူမှ စောဒက မတက်ပဲ ငြိမ်လို့သာ အာမြရဲ့ ရွတ်ဖတ်သံကို နာကြရတော့တယ်။ ဟုတ်ပါတယ် မနေ့ကပဲ အာမြတို့ အိမ်ထမင်းဆိုင်ကို ရပ်ကွက်လူကြီးတစ်ချို့ နဲ့သာသနာ့လူငယ်အသင်းအစုတို့ တစ်ပြုံကြီးရောက်လာကာ အာမြတို့ အိမ်ဆိုင်ကို ပိတ်ဖို့ လာပြောကြခဲ့တာပဲ မဟုတ်လား။ သူတို့အပြောအရ မြင်းမူဘက်မှာရှိတဲ့ ရွာသိမ်ရွာသေးတို့မှ ရွာဦးဘုန်းကြီးကျောင်းတို့ရှိ ပရိယတ္တိစာသင်တိုက်သား သံဃာတော်တို့ အာမြတို့အိမ်အနီးရှိ ပုညသိမ်တော်ကြီးကျောင်းသို့ စာသင်သားအဖြစ် လွှတ်ကြရမစမြဲ။ ရွာဦးဘုန်းတော်ကြီးကျောင်းတို့မှာ ကျောင်းထိုင်ဆရာတော်ဘုရားကြီး အရာဆက်ခံဖို့ ရွာထဲ အလှူပွဲ ရှင်ပွဲရှိလို့မှ သင်္ကန်းမြဲသော ဦးပုဇဉ်းကိုရင်တို့ တစ်ယောက်ပေါ်ခဲလှပြီး ကံထူးလို့ တစ်ဦးပေါ်လို့မှ သာသနာမှာ မွေ့ပျော်အောင် ပိုးမွေးသလို ရွာကပဲ ပျိုးထောင်ရတာ မဟုတ်လား။ ပညာအခြေခံပြည့်လို့ ရဟန်းပျိုများ မြို့ကျောင်းပုညသိမ်တော်ကြီးမှာ ပရိယတ္တိဆက်လက်သင်ကြားရန် ပို့ကြရပြီး အချိန်တန် ကိုယ့်ရွာပြန်လို့ ရွာရဲ့ ကိုးကွယ်ရာခံကြရပါသည်။ ရဟန်းပျိုနဲ့ အာမြထမင်းဆိုင် ဘာဆိုင်သလဲလို့ မေးရင်လည်း တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်၍ ပက်သက်နေရတော့တာပါပဲ။ ပုညသိမ်တော်ဆိုတဲ့ ပရိယတ္တိစာသင်တိုက်ကြီးဟာ မြင်းမူရဲ့ အားကိုးအားထားရာ စာသင်တိုက်ကြီးဖြစ်လေရာ တစ်နှစ်လျှင် ရဟန်းပျိုများ ဆယ်ချီရာချီ လက်ခံသင်ကြားနေရတဲ့ မြို့ဂုဏ်ဆောင်ကျောင်းတိုက်ကြီးဆိုလည်း မမှားပေဘူး။ သို့သော်ငြား စာသင်ရန် ရောက်လာကြသော ရဟန်းပျိုတို့မှာ မိမိတို့ နေရင်းရွာဦးကျောင်းမှာ ဘုန်းတော်ကြီးများရဲ့ ဆိုဆုံးမမှုအောက်မှာ ဝိနည်းညီစွာ အိန္ဒြေရရငြိမ်ဝပ်ပိပြားစေကာမူ မြင်းမူလို မြို့နေ မြို့စား လူအများတောထဲ တိုးဝှေ့နေရတဲ့အချိန်မှာမူ အရွယ်အားဖြင့် နေရာအားဖြင့် ဖိအားများကြောင့်၊ အဓိကအားဖြင့် အပေါင်းအသင်းဖိအားအမျိုးမျိုးနဲ့ စိန်ခေါ်မှုက ပြင်းထန်မှန်းမသိ ပြင်းထန်နေခဲ့ရပါတယ်။ ရာချီသော ရဟန်းပျိုများအား အုပ်ချုပ်ရသော ကျောင်းကြီးပေမို့ စည်းကမ်းတင်းကျပ်မှုမှာ ဘယ်လောက်ပင် ကောင်းကောင်း ပတ်ဝန်းကျင်နေ ပြည်သူတို့ရဲ့ စီးပွားရေးပုံစံကလည်း တစ်နည်းတစ်ဖုံ ရိုက်ခတ်တတ်တာပဲ မဟုတ်လား။ ပုညသိမ်တော်ကျောင်းကြီးဟာ မြို့နေလူနေအိမ်များအလည်တွင် မားမားကြီးရှိပြီး ကျောင်းကြီးနဲ့ ပတ်ချာလည်မှာ ကျူခုံ၊ ဘိလပ်ခုံ၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တို့က ဝန်းရံလို့ နေ့လည်နေ့ခင်းများ ပုညသိမ်တော်ကြီးတစ်ဝိုက်မှာ လူဝတ်ကြောင်ထက်စာရင် သင်္ကန်းရောင်တို့ကသာ ဝဲပျံလို့ နေပါတယ်။ ထိုထဲမှာ အာမြတို့ ညနေထမင်းဆိုင်ကလည်း အပါအဝင်မဟုတ်လား။ ကျောင်းကြီးမှာ တစ်နှစ်ထက်တစ်နှစ် စာသင်သား တိုးလာခြင်းနှင့်အတူ ကျောင်းကြီးပတ်ဝန်းကျင်ရှိ ဆိုင်ပေါင်းစုံတို့မှာလည်း သင်္ကန်းရောင်တို့သာ တိုးလို့ လာပါတယ်။ အစတော့ ဘုန်းကြီးတစ်ဦးစ နှစ်ဦးစ အာမြတို့ ညနေထမင်းဆိုင်လေးမှာ ပါဆယ်လေးဆွဲသော်ငြား နောက်တော့ အစရှိ အနှောင်းနှောင်းနဲ့ သင်္ကန်းတကားကားနဲ့ ဆိုင်စားအထိပါ တိုးလာခဲ့ပါပြီ။ ဒီလိုနဲ့ တစ်စစ နေလာခဲ့ရာ အမှားတော့အမှန်ဖြစ်ပြီး ညနေဘုန်းကြီးဈေးကြီးသဖွယ် အာမြတို့ဆိုင်စည်လာခဲ့ပါသည်။ အာမြမှာလည်း မနက်အကြော်ရောင်းဘဝနဲ့ မပြေလည်သော်ငြား အခုလို မနက်ညနေထမင်းဆီဆမ်းအကြော်ဆိုင်လေး ဖြစ်လာတော့မှသာ ချောင်လည်လာခဲ့ပါတော့တယ်။ သို့သော်လည်း ပတ်ဝန်းကျင်၏ မျက်စိဆံပင်မွှေးစူးခြင်းများနှင့်အတူ မရှေးမနှောင်းမှာပဲ သာသနာ့လူငယ်အသင်းဆိုတဲ့ အသင်းအဖွဲ့တစ်ခု တမဟုန်ခြင်းပေါ်ပေါက်လာခဲ့ပါတော့တယ်။ ထိုအသင်းကပဲ ကျောင်းထိုင်ကို ဦးတိုက်ပြီး ပုညသိမ်တော်ကြီးရဲ့ ကျောင်းတွင်း စည်းကမ်းတင်းကျပ်မှုကို ကျောင်းတော်က တာဝန်ယူတိုးမြှင့်ရန် လျှောက်ထားပြီး ပတ်ဝန်းကျင် ပြည်သူလူထုအတွက် သာသနာ့လူငယ်အသင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အမှူးထားကာ ကျူပင်ခုတ် ကျူငုတ်ပါမကျန် ဆောင်ရွက်ဖို့ ဆိုင်းပြင်းကြလေသည်။ သူတို့ရဲ့ ပထမဆုံးခြေလှမ်းမှာ တစ်ဦးတည်း ဗိုလ်ဆွဲနေတဲ့ ညနေထမင်းဆိုင် အာမြပဲ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့်ပဲ ပတ်ဝန်းကျင်ရှိဆိုင်အားလုံးကို ပထမဆုံးသတိပေးအနေနဲ့ အာမြတို့ ဆိုင်ပိတ်ဖို့ သာသနာ့လူငယ်အသင်းက မနေ့ညကပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ အာမြတို့ဆိုင်ကို စတင်ရခြင်းရဲ့ ဒုတိယအကြောင်းအရင်းမှာတော့ အာမြ ရိုးမယ်စွတ်စွဲနေတဲ့ ဝမ်းတွင်းရူး သန်းဖေဖြစ်ပါတယ်။ အရူးသန်းဖေက တစ်ရပ်ကွက်ဝင်တစ်ရပ်ကွက်ထွက်နဲ့ သတင်းစုံသလို အာမြတို့ အကြော်ဆိုင်မှာ အကျိုးအကြေများ တောင်းရမ်းရင်း အာမြကို “ဗုဒ္ဓသာသနံ စိတံတိဠတု..မှ အစအချီ စွယ်တရားဟောကာ အကြော်ဆိုင်ပိတ်ဖို့ ခဏခဏပြောလေ့ရှိပါတယ်။ အာမြကတော့ ဒီစကားပြောတိုင်း သန်းဖေကို ဆီပူနဲ့ပက်မယ်လို့သာ ပြောပြီး ရိုက်နှက်မောင်းထုတ်လေ့ရှိပါတယ်။ အရူးသန်းဖေနဲ့ အာမြတို့ အကြိမ်ကြိမ်စကားများကြတာဟာ ရပ်ကွက်မှာ ပျက်လုံးအနေနဲ့ပြောရာကစလို့ ပုညသိမ်တော်ကြီးနဲ့ အာမြဆိုင်ရဲ့ ပက်သက်မှုက အရူးသန်းဖေကြောင့် ပိုလို့ လူသိလာခဲ့ကြခြင်းဖြစ်ပါတယ်။ လူသတင်းလူချင်းဆောင်ကြာရာက များမကြာမီမှာပဲ သာသနာ့လူငယ်အသင်းရဲ့နားထဲ အာမြနဲ့သန်းဖေသတင်း ပတ်ဝန်းကျင်ကောင်းမှုနဲ့ရောက်ကာ အခုလိုမျိုး နေ့ချင်းညချင်း စီရင်လိုက်ခြင်းဖြစ်ပါသည်။ အခုတော့ အာမြတစ်ယောက် အကြော်ဒယ်အိုးကြီးကိုသာကိုင်လို့ စိတ်လိုလက်ရနဲ့သာ အရူးသန်းဖေကို ကလော်တုတ်နေပါသေးတယ်။ အာမြတစ်ယောက်လည်း ဆဲလို့မောပြီ အဆီမရှိတဲ့ဗိုက်ကလည်း တဂွီဂွီအော်ပြီ၊ အရူးသန်းဖေလည်း ပုညသိမ်တော်ကြီးကျောင်းထဲက မနက်ဆွမ်းကျန်ကို အိတ်ကြီးနဲ့ ထုတ်လို့ တဖြီးဖြီးထွက်လာပြီ၊ မျက်နှာချင်းဆိုင် အားကစားရုံမှာတော့ သာသနာ့လူငယ်အသင်းသားတစ်ချို့ အဆီပိုချဖို့ အားကစားလုပ်နေပြီ၊ ရောင်းသူကြောင့်ဝယ်သူရှိသလား၊ ဝယ်သူရှိလို့ ရောင်းသူရှိသလား အဖြေမရှိ။
4/3/2023

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့