ကိုကို


“ကို”ကလေ၊ “ကို”ကလေ လို့ ကိုက သူ့ကိုယ်သူ နာမ်စားလေးသုံးတိုင်း ကျွန်မ အရမ်းချစ်တာပဲ။ ကျွန်မနဲ့ကိုက အသိကျွမ်းတာ အချိန်အားဖြင့် အရမ်းမကြာသေးဘူးဆိုပေသည့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေကြတာက တစ်ကြောင်း၊ ဘဝနာချင်း ကိုယ်ချင်းစာမိတာကတစ်ကြောင်း၊ အလုပ်လည်း တူတာကတစ်ကြောင်း၊ ပြီးတော့ နောက်တစ်ကြောင်းက ရင်ခုန်တာ။ ဟုတ်ပါတယ်၊ ကျွန်မ ကို့နားမှာနေရရင် ပျော်နေတတ်တယ်။ စိတ်ညစ်ညူးမှု စိတ်ပင်ပန်းမှုတွေ ကိုနဲ့ရှိတဲ့အချိန် မေ့နေတတ်တယ်။ ကိုက ကျွန်မထက် ၂နှစ်သာသာလေးပဲ ကြီးတယ်ဆိုပေမယ့်၊ ကိုက ရင့်ကျက်တယ်၊ တည်ကြည်တယ်၊ မဟုတ်မခံစိတ်နဲ့ အမြဲကာကွယ်တတ်တယ်။ ကို့နှုတ်ခမ်းလေးတွေကို ကျွန်မ မိန်းမောနေမိတတ်တယ်၊ ကို စကားပြောတဲ့အချိန်တွေမှာဆို ကို နှုတ်ခမ်းလေး လှုပ်ရှားစီးဝင်မှုအောက် ကျွန်မ ပျော်ဝင်သွားတတ်တယ်။ ပန်းနုရောင်နှုတ်ခမ်းပါးလေး။ ပါးမို့မို့လေးနဲ့မို့ မွှေးကြူဖို့လည်း ကျွန်မ အခါခါဆုတောင်းမိဖူးတယ်။ ပြီးတော့ အကြည့်၊ စူးရှတယ်၊ ပြတ်သားတယ်၊ ကြည်လင်တယ်။ ရဲညို့ညှို့ မျက်ဝန်းလေး ကို့မှာရှိတယ်။ နေခ ရင် ရဲညိုလေးများထင်းလာတတ်တယ်။ ဆံသားတုတ်ပြီး အညာမှာမွေးသူ ပီပီ အုံကောင်းတယ်။ ကျွန်မ အလွတ်ရပါတယ် ကို့ရဲ့ ကိုယ်သင်းရနံ့နဲ့ ဦးရည်အထုံအသင်းကို။ ကို့နဲ့ အိပ်တဲ့အခါတိုင်း ကျွန်မက အနမ်းဖွဖွပေးနေကျလေ။ ကို့ရဲ့ ဇာတ်ပိုးလေးတွေကို ကျွန်မ နှုတ်ခမ်းတင်ရုံလေးနမ်းတိုင်း ကိုက သိမ့်ခနဲ တုန်နေကျလေ။ ကိုက ဒါမျိုးတွေ အတွေ့အကြုံမရှိတဲ့အတိုင်းပဲနော် သိပ်ရယ်ရတာပဲ။ ဟုတ်တယ် တစ်ခါတစ်လေဆို ရင့်ကျက်လွန်းတဲ့ ကိုက ကလေးလေးတစ်ယောက်လို အပြစ်ကင်းနေပြန်ရော။ အပြစ်ကင်းတယ်ဆိုတာ ကျွန်မရဲ့ အဘိဓါန်အရပြောတာပါ။ လူတွေကတော့ ကို့ကို အမြဲမေးငေါ့ကြတယ်၊ နှာခေါင်းရှုံကြတယ်။ ကို့မှ မဟုတ်ပါဘူး ကျွန်မကိုလည်း ဒီလိုပါပဲ။ ပြောကြစမ်းပါစေ ကျွန်မတို့ဘဝနဲ့ ကျွန်မတို့ခက်ခဲကြမ်းတမ်းနေချိန်ကျ ဘယ်သူတစ်ဦးတစ်ယောက်ကများ စုတ်သပ်ကြလို့လဲ။ အရင်ကတော့ ကျွန်မဒီလို ရဲရဲတင့်တင့်မပြောရဲဘူးပေါ့လေ၊ နောက်တော့လည်း ထွက်ပေါက်ပိတ်လာတဲ့ အချိန်မှာ မိန်းမသားတစ်ယောက်အနေနဲ့ ရွေးချယ်စရာ အလွန်ရှားပါးလွန်းတော့ လူတွေကိုယ်ချင်းစာမှုကို ကျွန်မက ဓါးပြတိုက်သလို မတောင်းချင်တော့ဘူး၊ မလှ ရွာလည်မပြချင်တော့ဘူး။ အောက်ဆုံးတော့ ဒီလမ်းကိုပဲ လျှောက်ခဲ့တာ ကဲ အခုကြည့်လေ ကိုနဲ့ဆုံရတာပဲ။ ဒါ အဆိုးထဲကအကောင်းလို့ မပြောနိုင်ဘူးလား။ သိပ်ကို ကောင်းတဲ့ကံကြမ္မာပဲလေ၊ ကျွန်မကတော့ ကိုနဲ့ဆုံရတာ သိပ်ကံကောင်းတယ်လို့ ယုံတယ်။ ဒီ့ထက် ကံကောင်းမယ်ဆိုရင်တော့၊ တစ်ခါလောက်ပဲဖြစ်ဖြစ် ဆန္ဒတွေအမှန်ဖြစ်လာနိုင်မယ်ဆိုရင်တော့ ကို့လက်ကိုတွဲပြီး အမြဲအတူနေသွားချင်တယ်၊ တစ်ယောက်ဆို တစ်ယောက်တည်းချစ်ပြီးပေါ့။ ဒါတော့ ဖြစ်နိုင်မည်လား မပြောတတ်ပါဘူး။ ကို့ရင်ခွင်နေရာက ကျွန်မအတွက် အနွေးထွေးဆုံးပဲ၊ ကို့ယ့်ရဲ့ နှဖူးပြင်ကျဉ်းကျဉ်းလေးကို ကျွန်မ အနမ်းများနဲ့ အမြဲတံဆိပ်ကပ်ချင်တယ်။ ကျွန်မရဲ့ ဆံသားတွေကို ကိုကတယုတယပွတ်ပြီး အိပ်ပျော်ခဲ့ရတဲ့ညတွေ ကြာရှည်ချင်တယ်။ ကိုယ်က ကိုယ်လုံးကိုယ်ပေါက်အရမ်းစွဲမက်စရာကောင်းတယ်၊ ရင်ဖိုစရာကောင်းတယ်၊ ကျွန်မကတော့ ကို့ရင်ခွင်သည် ကျွန်မအတွက်ပဲလို့ အမြဲတမ်းနယ်မြေ သတ်မှတ်ချင်တယ်။ ဒါတွေက ကျွန်မစိတ်ကူးသက်သက်ပဲ ဖြစ်နေတော့မလားမပြောတတ်ဘူး၊ ကိုက‌ရော ကျွန်မချစ်သလို ချစ်ရဲ့လား။ ကိုကချစ်မှာပါ၊ ကိုက ထုတ်ဟမပြတတ်တာ၊ ပြီးတော့ရော ကိုနဲ့ကျွန်မ ဆက်ဆံရေးက ဖွင့်ဟပြောဖို့ရော လိုသေးလို့လား။ ကျွန်မက ကို့ကုတင်ပေါ်က ကို့အမျိုးသမီးတစ်ယောက်တောင်ဖြစ်နေပြီပဲလေ။ ကျွန်မ ကျေနပ်ပါတယ်။ ကို့အကြောင်းကို စဉ်းစားရင် ကို့မိသားစုအကြောင်းက ခေါင်းထဲမှာ ပေါ်ပေါ်လာတတ်မြဲ။ ကို့လောက်မဟုတ်တောင် ကို့ထက်တော့မလျော့သော ပူဆွေးခြင်းမျိုး ကျွန်မ တစ်ကယ်ပဲ ဖြစ်တာပါ။ ကိုက မိသားစုမှာ အငယ်ဆုံး၊ ကို့ရဲ့ ဇာတိရွှေဘိုမှာ ကို့မေမေရယ်၊ ကို့ဖေဖေရယ်၊ ကို့ရဲ့ အကိုနှစ်ယောက်ရယ်နဲ့ အတူနေကြတာတဲ့။ ကို့အမေက ရွာထဲမှာ အမတော်ကြေးနောက်ကျလေ့ရှိတဲ့သူတွေအတွက် အခါတော်မီ ငွေချေးငှားတယ်၊ ကိုကတော့ အိမ်အောက်ထပ်မှာ ပလတ်စတစ်စတွေကို ချောင်ဆုံထဲထည့် မီးအားပြင်းပြင်းနဲ့တိုက်၊ သုံးချောင်းတပ်လက်ကိုင်နဲ့ဖိချပြီး မိုခွက်ထဲထည့် ပုံဖော်လို့ရတဲ့ လျှက်ဆားပုလင်းဗူးတွေ၊ ကော်အဖုံးတွေ ဆိုဒ်စုံလုပ်တဲ့ အလုပ်ကို ရွာထဲကအလုပ်သမားလေးငါးယောက်နဲ့ ဦးစီးရဖူးတယ်တဲ့လေ။ ကို့အဖေနဲ့ ကို့နဲ့အကို နှစ်ယောက်က လင်းကတည်းက အရက်နဲ့မျက်နှာသစ်၊ ရွာတကာထန်းတောလှည့် သားအဖသုံးယောက်သား နေကုန်သောက်ပြီး ကုန်ကြတာတဲ့လေ။ အကို့အဖေက အရင်က ရွာထဲမှာ နေ့ပြန်ပေးတဲ့ ရွာသူ‌ဌေးဦးသာတို့ရဲ့ ဒုတိယမြောက်သား၊ အကို့အမေက ဦးသာတို့ရဲ့အိမ်က ထမင်းချက်၊ အကို့အဖေက လူပျိုကတည်းက အိမ်မှာမည်မည်ရရအလုပ်မလုပ်ပဲ အရက်ကိုသာ နေကုန်ထိုင်သောက်တတ်တဲ့ လူ့ပေါက်ပန်းကြီး။ အကို့အမေကို နှမချင်းမစာမနာ ထမင်းချက်အိမ်ပေါ်ခေါ်တင်ထားပြီး နောက်ဆုံး ကုတင်ပေါ်အထိ အဓ္ဓမစော်ကားလာတာ နေ့လည်နေ့ခင်းတောင်မရှောင်ဘူးတဲ့လေ။ ရွာထဲကလူတွေလည်း လူသတင်းလူချင်းဆောင်ရင်း ကျိုးတိုးကျဲတဲပြောကြရင်းက ကို့အမေမှာ ဖုံးမရဖိမရတဲ့အခြေအနေရောက်တော့မှ ဦးသာတို့လည်း သူ့သား အလိမ္မာတုံးကြီးကို မကောင်းကျောင်းပို့ဆိုပြီး ကို့အမေနဲ့ပေးစား၊ နောက်တော့ ချွေးမကို ငွေတိုးချေးအလုပ် လက်ဝယ်သင်ကြားလာတာ အကိုတို့ ညီအကိုတွေ မွေးတဲ့အထိပဲတဲ့။ ကို့အဖေက အိမ်ဖော်ကိုမယားလုပ်ပေးထားတဲ့ နာကြည်းချက်နဲ့အတူ၊ အရင်ကတည်းက လက်ကြောမတင်းတဲ့ ငါလို့သူ‌ဌေးကို နင်ရထားတာပဲ ဆိုတဲ့ပုံစံနဲ့ ကို့အမေကို ခိုင်းစားလာလိုက်တာ ကို့အကိုနှစ်ယောက်နဲ့အတူ ဖအေနဲ့သား ထိုင်သောက်တဲ့အထိပါပဲ။ ဦးသာတို့ဆုံးပြီး၊ အိမ်ကြီးအပေါ် ကို့အဖေနဲ့သားနှစ်ယောက်ကတက်နေ၊ အိမ်အောက်က ကို့အမေ အိမ်ဖော်ထမင်းချက်ဘဝကတည်းက နေလာတဲ့ အခန်းမှာပဲ ကိုနဲ့ကို့အမေတို့က နေရင်း၊ ကိုတို့ ပလတ်စတစ်မိုကြီး မီးစစွဲလို့ အိမ်နဲ့ပစ္စည်းမကျန်အောင်အထိ ဘဝပြတ်ခဲ့ရတယ်တဲ့လေ။ အခုတော့ ရွာမှာ ကို့အကိုနှစ်ယောက်လည်း အိမ်ထောင်အသီးသီးကျပြီး ကျန်ခဲ့တဲ့ခြံကို အမွေခွဲ၊ ကို့အမေနဲ့ကိုက ကို့အမေတို့စိမ်းလန်းရွာဘက်က အမျိုးတွေဆီပြန်နေရင်း မိသားစုတွေ တစ်ကွဲတစ်ပြားစီတဲ့လေ။ ရွာမှာ အလုပ်ရယ်လို့ရှားပါး ပညာလည်း မည်မည်ရရမတက်တဲ့ကိုက ရွာက ကို့အမေအိုကြီးကို ထားပြီး အခုမန်းလေးက စားသောက်ဆိုင်တွေ၊ ကေတီဗွီတွေ၊ ကာရာအိုကေတွေမှာ လုပ်ရင်း ဟော... အခု ကျွန်မနဲ့တွေ့တဲ့ မြောက်ပြင်ဘုံကြီးမှာ ဆုံကြတယ်လေ။ ပြောသာပြောတာပါ ကိုက ကျွန်မထက်စာရင်တော့ ပြန်စရာအိမ်နဲ့ အမေ့ရင်ခွင်ဆိုတာ ရှိပါသေးတယ်လေ။ ကျွန်မကတော့ ဘယ်သူ့အဖေအမေခေါ်ပြီး ဘယ်ဘက်တောင်လှည့်လွမ်းရမှန်းမသိတဲ့ တစ်ကောင်ကြွက်ဘဝနဲ့ ကြီးပြင်လာခဲ့ရတာ။ အမျိုးဆိုလို့ ပြေးကြည့်မှ အမေ့ညီမလို့ပြောတဲ့ ဒေါ်လေးနဲ့ပဲ နေခဲ့ရတာ။ ရွာကအပ်လို့သာ ကျွန်မကို တင်ကျွေးခဲ့ရတယ်ထင်ပါတယ်၊ ကျွန်မသိတတ်စအရွယ်ကတည်းက ဒေါ်လေးက ဆူဆူငေါက်ငေါက် ခိုင်းခိုင်းစားစားနဲ့ မဝတမယ်သာ ကျွေးပြီး၊ ဒေါ်လေးသား လေးယောက်နဲ့ အနိုင်ကျင့်မှုကြား ပိပြားအောင်ခံရင်း အသက်မျှင်းမျှင်းဆက်ခဲ့ရတာ။ ဒေါ်လေးကလည်း “ငါ့ကို ခင်ခင်ကြီးလို့ပဲခေါ်၊ ဒေါ်လေးဘာညာနဲ့ခေါ်ဖို့များမစဉ်းစားနဲ့ ညည်းနဲ့ငါ ေ-ာက်မျိုး မတော်ဘူး”ဆိုတဲ့ သံခိတ်ကြားက နေခဲ့ရတော့ ဒေါ်လေးသားတွေလည်း ကျွန်မကို သူစိမ်းလို့ရယ်သာ အောက်မေ့ကြီးပြင်းလာခဲ့ရပါတယ်။ တစ္ဆေကြီးတော့ သရဲဆိုသလို ဒေါ်လေးသားလေးယောက် လူပျိုပေါက်အရွယ်ရောက်တော့ ငယ်စဉ်ကလို ဆံပင်ဆွဲ ခေါင်းခေါက်အဆင့်လောက်မဟုတ်တော့ပဲ အပျိုပေါက်လာတဲ့ကျွန်မကို ထိကပါးရိကပါး တို့လားဆိတ်လားလုပ်တတ်လာရာကနေ နဂိုကတည်းက မျက်စိဆံပင်မွှေးစူးလာတဲ့ ဒေါ်ခင်ခင်ကြီးတစ်ယောက် ကျွန်မကို မန်းလေးက သူ့အသိအလုပ်မှာ ဝင်လုပ်ဆိုပြီး လက်ထိုးရောင်းစားခဲ့တာပါပဲ။ ကျွန်မကတော့ သိပ်ကျေနပ်တာပဲ။ ကျွန်မလွတ်လပ်တယ်။ ကျွန်မ ကိုယ်ကျွန်မပိုင်တယ်။ အဲ့လိုလည်း မဟုတ်သေးပါဘူးလေ ကျွန်မကို အမှန်တော့ သူတို့ပိုင်တာပါ။ ကျားကြောက်လို့ ရှင်ကြီးခိုး၊ ရှင်ကြီးကျားထက်ဆိုးတာပါပဲ။ ရွာမှာ ဒေါ်လေးသားသုံးယောက်လက်ချက်နဲ့ ပန်းကောင်း မကြွေခဲ့တဲ့ကျွန်မ မြောက်ပြင်မှာ ကြွေရပါပြီ။ အို… ကို ရှိတာပဲ။ ကို နဲ့တွေ့ရတာပဲ။ ကို့ကို အားကိုးလို့ရနိုင်သေးတာပဲ။ ကိုက ကျွန်မကို အထင်မသေးပါဘူး။ ကျွန်မလည်း ကို့ကို အထင်မသေးဘူး။ ဒါပဲအရေးကြီးတာ မဟုတ်လား။ ချွေးနံ့အီအီ၊ ဆေးလိပ်ချိုးနဲ့ပုပ်အဲ့အဲ့ အနည်ထိုင်နေတဲ့ ဟောဒီ မီးမှိန်မှိန်အခန်းတွေမှာ ကျွန်မ ကျားစာဖြစ်ခဲ့ရတာကြာပါပြီ။ ကျွန်မ လူလေးငါးဦးနဲ့လည်း တစ်ကုတင်တည်းမှာ အိပ်ခဲ့ရဖူးပါပြီ။ ဒါပေမယ့် ကိုနဲ့ကျွန်မ နှစ်ယောက်တည်းအတူ ကုတင်တစ်ခုတည်း၊ အခန်းတစ်ခုတည်းရှိသင့်တဲ့အချိန်မှာ ဒီနေ့လိုမျိုး ကျွန်မနဲ့ကို အခန်းတစ်ခုတည်းမှာပဲ ကျားစာဖြစ်နေရတာမြင်ရတော့ ကျွန်မ မျက်ရည်ခိုးလို့သာ ညှစ်ရပါတော့တယ်။ ကို ကတော့ အတိတ်တွေ အနာဂတ်တွေမရှိ၊ ပစ္စုပ္ပန်မှာပါ အသက်ရှိမနေသော အကြည့်မျိုးနဲ့ ကျားကျောပြင်အောက်က ခေါင်းထွက်လို့ ကျွန်မကို ကြည့်နေလေရဲ့။
ကျွန်မ ချစ်ရသော ၊ အသည်းနင့်ရပါသော၊ ကျွန်မကိုကို “မေကိုကိုသိမ့်”။
၈/၆/၂၀၂၃

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့