လူယုတ်လူညံ့
လမ်းနှစ်လမ်းရွေးစရာပေါ်လာတယ်၊ လမ်းမှား လိုက်မလား လမ်းမှန်လိုက်မလား။ လူမှန်တယ် လမ်းမှန်လည်းရွေးတဲ့လူရှိတယ်၊ လူမှန်ရက် လမ်းမှန်မရွေးနိုင်ခဲ့တာရှိတယ်၊ လူမမှန်ပဲ လမ်းမှန်ပေါ် ဟန်ပြတက်လာတာရှိတယ်၊ လူမမှန်ဘူး လမ်းမှန်လည်းမရွေးခဲ့တာရှိတယ်။
ဒါပေမယ့် ဒီနေရာမှာ ပြောချင်တာက အထက်ကဖော်ပြခဲ့လူတွေအကြောင်းမဟုတ်ဘူး၊ ပွဲကြည့်ပရိတ်သတ်အကြောင်းပြောချင်တာ။
နိုင်ငံရဲ့ လူဦးရေအချိုးအားဖြင့်ပြောမယ်ဆိုရင် ပရိတ်သတ်အရည်အတွက်က ပိုအားသာနေတဲ့အတွက် အဓိကကျတာက ပရိတ်သတ်ပဲလို့ ယူဆနိုင်ပါတယ်။ ပရိတ်သတ်စိတ်ဓါတ်မမြင့်မား နေသေးသ၍ ဘုရားကြွလာရင်တောင် ဒီနိုင်ငံ ဒီလူမျိုး တိုးတက်ဖို့ရာလမ်းမမြင်ပါဘူး။ လမ်းမှားကိုအားပေးတဲ့ပရိတ်သတ်က လမ်းမှားကို အားပေးတဲ့လုပ်ရပ်လုပ်တာ အံ့ဩစရာကို မရှိပါဘူး။ သို့သော် လမ်းမှားတွေလမ်းမှန်တွေမသိပဲ ငါပဲ မှန်တယ်လို့ယူဆနေတဲ့ လူတစ်ချို့အကြောင်း ဒီနေရာမှာ အဓိက ပြောချင်တယ်။
ယနေ့အချိန်ထိ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်မှာ နှစ်ကြိမ်ရှိပြီဖြစ်သော အတွေ့အကြုံလေးကို အခြေခံပြီး အတိုချုံးပြောရရင်တော့ ခေါင်းစဉ်အတိုင်းပဲ "ယုတ်မာလွန်းတယ် ယုတ်ညံ့လွန်းတယ်"လို့ ပြောရမယ်ထင်တယ်။
ရာထူး၊ ဂုဏ်၊ ပညာရေး အစရှိတာတွေအားလုံးကို မေ့ပြီး စတေးပေးခဲ့တဲ့ လူတွေ အခု လမ်းတွေပေါ်မှာ ရရာလုပ်စားနေကြရတာတွေမြင်တော့ စိတ်လုံးဝမကောင်းဘူး။ သူတို့လေးတွေကို သူတို့ဝတ်ဆင်ဖူးခဲ့ကြတဲ့ တူညီဝတ်စုံလေးတွေနဲ့မြင်ကြည့်ကြပါ။ ဘယ်လောက် ရင်နာဖို့ကောင်းလဲ။ စာနာစိတ်ထားဖို့ ဂရုဏာစိတ်ထားဖို့ မရှိရင်တောင် နှုတ်၏ဆောင်မခြင်း၊ ကိုယ်၏ဆောင်မခြင်းဖြင့်မရှိရင်တောင် သူတို့ကို မစော်ကားသင့်ဘူးဆိုတာ လူမှန်ရင် တွေးတတ်ရပါမည်။ "မင်းတို့ကို အစကတည်းက အားမှမပေးခဲ့တာ"လို့ ယူဆခဲ့တဲ့လူတွေက ပျက်စီးရာပျက်စီးကြောင်းလုပ်နေတာကို မအံ့ဩပေမယ့်၊ တစ်ချို့က "တိုင်လိုက်ရမလား၊ တို့လိုက်ရမလား"ဆိုပြီး အားနည်းချက်အနေနဲ့ သုံးနေကြတာဟာ အင်မတန်မှ နိမ့်ပါးယုတ်ညံ့တဲ့စိတ်ဓါတ်ဆိုတာကို သတိထားမိကြရဲ့လား မေးကြည့်ချင်တယ်။
ရာထူးစွန့်ကလေးတွေသည် လူပါ၊ အမှားမကင်းနိုင်ပါဘူး။ ထို့ကြောင့် "မင်းတို့က မင်းတို့မှန်တာရွေးခဲ့တာနဲ့ပဲ ငါတို့က ဘာလုပ်လုပ်သည်းခံနေရမှာလား"လို့ ပြောခြင်းမဟုတ်ပါ။ ရာထူးစွန့်ကလေးတွေ ပတ်ဝန်းကျင်ကို သောက်စားရမ်းကားနေလား၊ သောက်စားရမ်းကားတဲ့အပေါ် သည်းမခံပဲ တုန့်ပြန်ပါ။ ခိုးဝှက်နေလား ခိုးဝှက်တာကို ပြင်းထန်စွာ တုန့်ပြန်ပါ။ အခုဟာက အသေးအဖွဲမတည့်တာလေးကအစ ခုတုံးလုပ်ပြီး ထစ်ခနဲဖြစ်လိုက် "နင်တို့ကို တိုင်ပစ်မယ်""ငါ့ကို လာမကြောနဲ့နော် တိုင်လိုက်ရမလား"ဆိုတဲ့ လုပ်ရက်တွေကို ကြည့်ကြည့်စမ်း။ ဘယ်လောက် နိမ့်ပါးစုတ်ပျက်တဲ့စိတ်ဓါတ်လဲဆိုတာ။ ရင်နာစရာအကောင်းဆုံးကတော့ ခင်ဗျားတို့ကောင်းစားဖို့ အားလုံးကိုစွတ်လွှတ်ခဲ့ရတဲ့လူတွေက၊ ခင်ဗျားတို့ ဝိုင်းဆောင့်ရှောက်ကြဖို့ဗျ၊ ခင်ဗျားတို့လက်ထဲ အားနည်းချက်ထည့်ပေးလိုက်တာမဟုတ်ဘူး။ သူတို့မှာ ဟိုဘက်လည်းကြောက် ဒီဘက်လည်းကြောက် ပတ်ဝန်းကျင်က ကလေးရော ခွေးပါကြောက်နေရအောင် လုပ်နေကြတဲ့ ယုတ်ညံ့တဲ့စိတ်ဓါတ်နဲ့ ခင်ဗျားတို့ အဲ့လောက် နိမ့်ပါးတဲ့စိတ်ဓါတ်ရှိနေသေးသ၍ ခင်ဗျားတို့နဲ့တန်တာပဲ ရလိမ့်မယ်။
Comments
Post a Comment