ကြားဆရာတို့မည်သည်

 စာအုပ်စာပေလူ့မိတ်ဆွေတို့၊ စာဖတ်ခြင်း၏အကျိုးတို့ စသည်ဖြင့် စကားများစွာနဲ့ ပြည့်နက်နေအောင် နားဝခဲ့ရပေမယ့် ကျွန်တော်စာကြမ်းပိုးတစ်ယောက် စာပေလိုက်စားသူတစ်ယောက်မဖြစ်ခဲ့ဖူးပါဘူး။ သို့ပေသည့် ကျွန်တော် ဆယ်တန်းကျောင်းပြီးလို့ အိမ်ကပ်ရင်း နေ့လည်နေ့ခင်း ပိုနေတဲ့အချိန်တွေမှာ အဖော်ပြုဖို့ စာအုပ်ကလေးတွေ စကိုင်လာခဲ့ဖူးတယ်။ တဆက်တည်းမှာပဲ ကျွန်တော်ရဲ့ ပင်ကိုယ်ဗီဇအရ ကန့်လန့်တိုက် တွေးတတ်လွန်း၍ စာအုပ်တွေ ရွေးချယ်ဖတ်တဲ့အချိန်ဆိုရင် ကိုယ့်ကိုကိုယ်မေးလေ့ရှိတာက "မင်း ဘာသိချင်လဲ၊ ဘာလိုချင်လဲ ဆိုတာထက် မင်းကြုံဖူးလား၊ ကြုံလာနိုင်လား၊ ကြုံအောင် ကြိုးစားလို့ရလားလို့ မေးလေ့ရှိတယ်"။ ဉပမာအားဖြင့် ခရီးသွားမှတ်တမ်းစာအုပ်ကို ကောက်ကိုင်မိရင် ကိုယ့်ကိုယ်ကို မေးလေ့ရှိတာက အဲ့ဒီခရီးကို မင်းကိုယ်တိုင်သွားဖူးလား၊ သွားဖို့ရှိနိုင်လား၊ သွားဖို့ရောကြိုးစားလို့ရလားလို့ မေးကြည့်တယ်၊ အကယ်၍ ရတယ် ငါကြုံဖူးချင်တယ်ဆိုရင် စာအုပ်ထဲက အကြံဉာဏ်အပိုင်းလေးတွေ အတွေ့အကြုံအပိုင်းလေးတွေကလွဲရင် မည်၍မည်မျှလှကြောင်း ဖွဲ့ကြူးထားတဲ့အပိုင်းဆို ကျော်ဖတ်လိုက်တယ်။ တစ်ခါက မိဘမေတ္တာဖွဲ့စာအုပ်ကလေး လက်ဆောင်ရလို့ ဖတ်ရင်းနဲ့မှ ထော်လော်ကန့်လန့်အတွေးက ချက်ခနဲ လာကပ်တယ်၊ "မင်းဘေးမှာ မင်းမိဘငုတ်တုတ်ကြီးရှိနေတာပဲ၊ မည်၍မည်မျှ မေတ္တာကြီးမားတာကိုမင်းသိနေပြီးသားပဲ စာအုပ်ကူမှ မိဘကျေးဇူးသိတတ်တော့မှာလား"လို့ ကိုယ့်ကိုကိုယ်မေးရင်း စာအုပ်ကို ဖတ်ခနဲ ပစ်ချပြီး မီးဖိုချောင်ထဲက အမေ့နားကို ကူရင်း တဝကြီး နေပျော်ပစ်လိုက်တယ်။ မှန်လားမှားလားဆိုတာကို ကျွန်တော် မသုံးသပ်မိပေမယ့် စာအုပ်တွေနဲ့ ထိတွေ့တာကိုတော့ ကျွန်‌တော် အမြဲမပြတ်ရှိခဲ့ပါတယ်။ ဦးစားပေးဖတ်ဖြစ်တာလေးတွေကတော့ အရင်အတိုင်း မေးခွန်းမျိုးမေးရင်းပဲ စိစစ်ဖတ်တုန်းရှိပါသေးတယ်။ ဒီလိုနဲ့ ကျွန်တော်တာဝန်ကျတဲ့ နယ်မြို့လေးမှာ စိုက်ခင်းတာဝန်ခံအနေနဲ့ တာဝန်ကျချိန် ရွာက ဒေသခံတွေနဲ့ ကျွန်တော် စိမ့်ဝင်နေခဲ့မိတယ်။ အချိန်တစ်ခုကြာ သူတို့နဲ့ကိုယ် တသားတည်း ဖြစ်သွားပြီးနောက် ကျွန်တော်လေ့လာခဲ့ရတာက ရွာခံအများစုက သူတို့မြို့နှင့် ကပ်လျက်မြို့တွေကိုတောင် တစ်သက်နဲ့တစ်ကိုယ်မရောက်ဖူးကြသူတွေ၊ တစ်လတစ်ခါသော်မျှ ကိုယ့်နယ်ထဲက မြို့ကိုပင် မရောက်ဖူးကြသူတွေ ထုနဲ့ထေးကို ရှိနေတာကိုတွေ့ရတယ်။ အတန်းပညာအရ "သေစာရှင်စာတက်နည်းမှတ်လို့"ဟု ယူဆချက် စွဲကိုင်ထားသူအများအပြားရှိကြသူများပီပီ သူတို့အတန်းပညာကို မူလတန်းအဆင့်မှာပဲ တိခနဲ ဖျတ်ချခဲ့ကြသူတွေချည်း။ သို့သော် သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်က သင်ပေးနေတဲ့ ဘဝပညာကိုတော့ မရပ်ခဲ့ဘူးထင်ပါရဲ့ တောတောင်ရေမြေ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဒေသန္တရဗဟုသုတကို‌အရာမှာ အပြင် လူမှုရေးရာမှာပါ ကျွမ်းကျင်လွန်းလှတာကို ကျွန်တော်သတိထားမိခဲ့တယ်။ လျှပ်စစ်မီး၊ သောက်ရေသုံးရေ၊ ကျေးရွာ လုံခြုံရေး ရပ်ရေးရွာရေး ကျင့်ဝတ်တွေကို အားလုံး အလိမ္မာရှိတယ်၊ ကိုယ့်ရွာအတွင်းကိုယ် စီမံတယ်၊ ရာဇဝတ်ဒုစရိုက်ကင်းတယ်။ ကမ္ဘာကြီးဘယ်လက်လှည့်တာ စိတ်မဝင်စားပဲ မိမိတို့ ဘဝသင်ခန်းစာလေးတွေက သူတို့ဒေသတွင်း ကောင်းမွန်စွာ နေထိုင်ဖို့ ပတ်ဝန်းကျင်မှ သင်ယူခဲ့ကြပုံရပါတယ်။ ရောက်စကဆိုရင် မြန်မာနိုင်ငံထဲကို အလည်သွားတဲ့ မြန်မာနိုင်ငံခြားသားကြီးတစ်ယောက်လို အစစအရာရာ အောက်ခြေကစလို့ သင်ယူခဲ့ရဖူးတယ်။ သို့ကြောင့် ထိုဒေသနှင့်ပတ်သက်တဲ့အသိပညာတွေ၊ ဘဝအတွက် သင်ခန်းစာတစ်ချို့ ဘယ်သူသင်ပေးသလဲလို့ မေးရရင် ကျွန်တော့်ရဲ့ ကြားဆရာ တစ်ရွာလုံးကို လက်ညှိုးထိုးမိဦးမယ်ထင်တယ်၊ ထို ကြားဆရာများထဲမှ မှတ်မှတ်ရရရှိနေတာလေးတစ်ခု စိုက်ခင်းတောင်သူမကြီးတစ်ယောက်၏ နှုတ်စာအုပ်မှာ ဖတ်ဖူးတယ်၊ ဘာတဲ့ "အုပ်ကြီး ကျွန်မတို့မှာ ရုပ်လို့ ရည်လို့ အရိုးရယ်လို့မှ လှလှပပမရှိ၊ ပညာမေးတော့ သေစာရှင်စာ၊ ဉစ္စာမေးတော့ ညနေစာနဲ့ အိမ်ဝိုင်းထဲက မညှိုးပင် မညှိုးပန်းလောက်ရှိရသဲ့အထဲ စိတ်ဓါတ်ပါမလှရင်တော့ ကျွန်မတို့ဘဝ ချမ်းသာတာ ဘားမရှိဘူးထင်သပ"တဲ့။ စာအုပ်ထဲမှာ မဖတ်ခဲ့ရဖူးသော ပညာလေးတစ်ခု ရင်ထဲထိစွဲအောင် သူမသင်ပေးဖူးတယ်။ ချမ်းသာတာ ငါ့မှာ ဘာမှမရှိပါလားလို့ တွေးမိရင် သူပြောတဲ့စကားလေးက အားဖြစ်စေခဲ့တယ်။ သို့နှင့်ပင် စာအုပ်ထဲမပါတဲ့ နှုတ်စာအုပ်ကလေးတွေ အဘယ်မှာရှိနိုးနိုးနဲ့ နှုတ်စာအုပ်တွေလည်း ရှာဖွေဖတ်လာခဲ့မိတယ်။

နဘဲပြာကို ဆပ်ပြာလုပ် အမြှုပ်တစီစီနဲ့လျှော်လို့ ဖွေးဖွေးဖြူနေတဲ့ အဝတ်အထည်လေးတွေကို တွေးမိရင်း ကြားဆရာများကို အောက်မေ့လျက်...
ချစ်ခဲ့ဖူးသော ဘုမ္မဝတီသို့။
၉.၈.၂၀၂၃

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့